အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့၌ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲ နှင့် မီးငြိမ်းသတ် သရုပ်ပြသခြင်း ဆောင်ရွက်

ကယားပြည်နယ်၊ မီးသတ်ဉီးစီးဌာနမှ ယခုအခါ ပူပြင်းခြောက်သွေ့သောနွေရာသီ ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုကြောင့် ပြည်သူလူထုနှင့် ဌာနဆိုင်ရာများ၏ အဆောက်အဉီး၊ ပစ္စည်းများ မီးလောင်ဆုံးရှုံးမှုမရှိစေရန် မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲ နှင့် မီးငြိမ်းသတ်သရုပ်ပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန် က လွိုင်ကော်မြို့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်မီးသတ်ဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဉီးခင်မောင်သန်း က မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောရာတွင်  မိမိတို့ေနအိမ်အတွင်း ချက်ပြုတ်နေစဉ် ကာလ၌ ဆီမီးလောင်မှု ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများ၊ မိမိတို့အိမ်အတွင်း တပ်ဆင် အသုံးပြုလျှက် ရှိသည့်လျှပ်စစ်မီးကြိုးများဆိုင်ရာသိကောင်းစရာများ၊ လျှပ်စစ်မီးမှတဆင့် မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများ၊ ဂက်စ်အိုးဖြင့် ချက်ပြုတ်နေစဉ်ကာလအတွင်း သတိထားရမည့်အချက်များ၊ လောင်စာဆီမှတဆင့် မီးလောင်မှု ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများ စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းသိကောင်း စရာများကို ရှင်းလင်းဟောပြောခဲ့သည်။ 
ထို့နောက် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများကို မီးလောင်မှု ဖြစ်ပွားလာပါက ကိုယ်တိုင်ဆောင်ရွက်နိုင်ရေးအတွက် သရုပ်ပြ လေ့ကျင့် ဆောင်ရွက်ပေးရာ တက်ရောက်လာကြသည့်ဝန်ထမ်းများက ပူးပေါင်းသရုပ်ပြလေ့ကျင့်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဉီးခင်မောင်သန်း က ရုံးနှင့် ဝန်ထမ်းလိုင်းခန်း တို့တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လိုက်လံစစ်ဆေးအကြံပြုခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့  ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဉီးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်နန်းစိုးစိုးဟတ် နှင့်ဝန်ထမ်းများ ၊ ပို့ဆောင်ရေး စီမံကိန်းဉီးစီးဌာနမှ ပြည်နယ်မှူးဉီးမျိုးမင်းအောင်နှင့် ဝန်ထမ်းများ ၊လူမှုဝန်ထမ်းဉီးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၃၈ ဉီးတက်ရောက်ကြ​ ကြောင်းသိရသည်။