အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ထောက်ပံ့ပစ္စည်းများနှင့် ချီးမြှင့်ငွေများပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ထောက်ပံ့ပစ္စည်းများနှင့် ချီးမြှင့်ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၉နာရီခွဲ အချိန်က ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ၊ ကန္ဒာရဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ်ရဲတပ်ဖွဲ့သည် ကယားပြည်နယ်အတွင်းတွင် တရားဥပဒေစိုးမိုးရေးနှင့် မြို့/ရွာလုံခြုံရေး တာဝန်များကို ထမ်းဆောင်ရသည့် အရေးပါသော အဖွဲ့အစည်းဖြစ်ပါကြောင်း ၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ပြည်သူများ၏လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးကိုလည်း ဥပဒေများနှင့်အညီ ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း ၊ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများ၏ နိုင်ငံတော်အပေါ် သစ္စာရှိရှိ ၊ တာဝန်သိသိဖြင့် တာဝန်ထမ်းဆောင်ခဲ့မှုများကိုလည်း ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် အသိအမှတ်ပြုပါကြောင်း ၊ ဆက်လက်၍လည်း ကယားပြည်နယ် အပြည့်အဝ တည်ငြိမ်အေးချမ်း လာသည်အထိ မိမိတာဝန်များကို ဌာနဆိုင်ရာများ ၊ ပြည်သူလူထုများ နှင့်ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက် ကြစေလိုပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကယားပြည်နယ်တွင် တာဝန်ထမ်း ဆောင်နေကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား အခြေခံစားကုန်များ ဖြစ်သော ဆန် ၊ ဆီ ၊ ကြက်ဥ ထောက်ပံ့ပစ္စည်းများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ အားပေးစကား ပြောကြားခဲ့သည်။