အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း လွိုင်ကော်မြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် လွိုင်ကော်မြို့ ၊ မိုင်းလုံးရေစက်ရုံသို့ သွားရောက်၍ အဆင့်မြင့်တိုးချဲ့ ဆောင်ရွက်နေသော တစ်နေ့လျှင်ရေဂါလံ(၂၅)သိန်းစစ်နိုင်သည့် (Slow Sand Fitter) အနှေးသဲရေစစ်ကန်တည်ဆောက်နေမှု အခြေအနေများကို ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယအင်ဂျင်နီယာမှူးကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လုပ်ငန်းလိုအပ်ချက်များနှင့်စပ်လျဉ်း၍ မှာကြားခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အနှေးသဲရေစစ်ကန် တည်ဆောက်ရခြင်းနှင့် လုပ်ငန်းများပြီးစီးပါက ပြည်သူများအကျိုးပြုနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် အဆင့်မြင့်တိုးချဲ့ ဆောင်ရွက်နေသည့် အနှေးသဲရေစစ်ကန် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးကို အထူးဂရုပြုကြရန် မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် လွိုင်ကော်မြို့ ၊ မိုင်းလုံးရပ်ကွက် ပန်းနံ့သာလမ်း ကျောက်စီရေမြောင်း တည်ဆောက်ခြင်းနှင့် မိုင်းလုံးရွာဟောင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ကယားပြည်နယ်အစိုးရ အဖွဲ့ရုံး၊  အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သည့်  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများကို ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဒေသကွပ်ကဲရေးမှူး ၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(၁၂)ဖွဲ့အတွက် ထောက်ပံ့ ငွေများပေးအပ်ခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ပြည်နယ်အတွင်း တိုင်းရင်းသား ပွဲတော်များ ကာလအလိုက် ကျင်းသွားမည့်အစီအစဉ်များ ၊ ရပ်ရွာ အတွင်း လမ်းတံတား လိုအပ်ချက်များနှင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်သည့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း  ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်  လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။