အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် တွင် (၂၄)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ကယားပြည်နယ် တွင် ၂၀၂၃ ခုနှစ် ၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊လုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီ၀င်များနှင့် အဆို၊ အက၊ အရေး၊ အတီး ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ ကယားပြည်နယ်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အဆင့် အဆို ၊ အက ၊ အရေး ၊အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ အသီးသီး၏ သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ မျှော်မှန်းထားသည်ထက်ပို၍ ပြီးစီးနေပြီဖြစ်သည်ကို တွေ့ရှိရပါကြောင်း ၊ ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းများ၊  ပြိုင်ပွဲဝင်များ နှင့် တိုင်းရင်းသားရိုးရာအက အဖွဲ့များအတွက် လိုအပ်ချက်များကို ပြည့်စုံစွာဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ကြရန်လိုကြောင်း ၊  ပြည်နယ်ကိုယ်စားပြု ယှဉ်ပြိုင်ရန်ရွေးချယ်ခံရသူများအား ပြည်ထောင်စုအဆင့်တွင် အောင်မြင်မှု ရရှိသည်အထိ မျှော်မှန်းပြီး ကြိုးစားနိုင်ရေး  ပြိုင်ပွဲအမျိုးအစားအလိုက် ပညာရှင်နည်းပြများဖြင့် နေ့စဉ် လေ့ကျင့်သင်ကြား ပေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးစိန်ဦးနှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမြင့်ကြည် တို့က ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ ၊ ပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲအဆင့်များနှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း၊  ဆပ်ကော်မတီ အသီးသီး နှင့် ပညာရှင်များက လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့်လုပ်ငန်း လိုအပ်ချက်များကိုလည်းကောင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး ခဲ့ကြသည်။

 ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အစီအစဉ်များ ၊ ပေါင်းစပ်ဆောင်ရွက်ကြရမည့် လုပ်ငန်းများအား အသေးစိတ် ဆွေးနွေးမှာ ကြားခဲ့ကြောင်းသိရသည်။