အဓိကအကြောင်းအရာသို့ သွားမည်
x

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊  ဌာနဆိုင်ရာများ ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံအတွက်အရေးပါသည့် ကျောင်းသားလူငယ်များအား စွမ်းရည်ပြည့်စုံသည့် နိုင်ငံ့သားကောင်း များဖြစ်လာစေရန် ကျန်းမာရေးအဆင့်မြှင့်ကျောင်းများကို ကျေးလက်ဒေသပါမကျန် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် ပညာသင်ယူမှု ပတ်ဝန်းကျင်ကောင်းများကို ဘက်စုံကဏ္ဍစုံမှ ဖြည့်ဆည်းကူညီ ပံ့ပိုးပေးလျက်ရှိကြောင်း ၊ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို ကျောင်းသားမိဘများ ၊ ပညာရေး ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဆက်စပ်ဌာန အဖွဲ့အစည်းများက ကဏ္ဍပေါင်းစုံပူးပေါင်းပြီး စုပေါင်းအားများဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် Video Clip အားပြသခဲ့ပြီး အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ၊ ကျောင်းသူများက “ကျောင်းကျန်းမာရေး” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းကျန်းမာရေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြသော ကျောင်းသား ၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပညာရေး ၊  ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူများ ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ အား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့ပြီး အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေး ဦးစီးဌာနတို့မှ ခင်းကျင်းပြသထားသော ကျောင်းကျန်းမာရေး အသိပညာပေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ကျောင်းသား ၊ ကျောင်းသူများအား သန်ချဆေး တိုက်ကျွေးခြင်းနှင့် အာဟာရဖြည့်စွက်စာ နို့ ၊ ကြက်ဥ ၊ ငှက်ပျောသီးများ ပေးဝေခဲ့ကြကြောင်း သိရသည်။