အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ် မြေပြင်ကွင်းဆင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အခြေခံမဲဆန္ဒရှင် စာရင်းမှန်ကန်ရေးသည် အဓိကအရေးကြီးကြောင်း ၊ မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးပြီး ရရှိလာသည့် စာရင်းကိုအခြေခံကာ မှန်ကန်သည့် မဲစာရင်း ရရှိရေးနှင့် မသန်စွမ်းအမျိုးအစားအလိုက် စာရင်းကိုလည်း တစ်ပါတည်း ကောက်ယူ ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ၊ ယနေ့ဖွင့်လှစ်ပို့ချသည့် သင်တန်းတွင် သင်တန်းသားများအနေဖြင့် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သေချာစွာ နားလည်သိရှိ သဘောပေါက်ရန်နှင့် အထူးဂရုပြု မှတ်သားကြရန် လိုအပ်ကြောင်း ၊ မြေပြင်ရှိ လူဦးရေ စာရင်းအမှန်ကို ကွင်းဆင်းကောက်ယူရာတွင်  လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အဆင့်အလိုက် စီမံချက်ရေးဆွဲ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၊  လုပ်ငန်းပမာဏများပြားသည့်အတွက် အချိန်တိုအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်၍ လုပ်ငန်းတိကျမှန်ကန် မြန်ဆန်အောင် အလေးနက်ထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ဝင်းဦးက မြေပြင်ကွင်းဆင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဗဟိုအဆင့် နည်းပြသင်တန်း တက်ရောက်ခဲ့သူ ဘောလခဲခရိုင်မှူး ၊ ဒုတိယညွန်ကြားရေးမှူး ဦးသက်ခိုင်က သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။

၎င်းနောက် သင်တန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ သင်ကြားပို့ချရာ  ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီ တွဲဖက်အတွင်းရေးမှူး ၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ဝင်းဦးက မြေပြင်ကွင်းဆင်း ကောက်ယူရေးစီမံချက် သင်တန်းဆိုင်ရာများ ၊ ဖွဲ့စည်းပုံနှင့် တာဝန်များကို ရှင်းလင်းဆွေးနွေးပြီး သင်တန်းနည်းပြများက သင်ခန်းစာများကို ရှင်းလင်းပို့ချ ပေးကြသည်။

အဆိုပါ သင်တန်းကို ဒီဇင်ဘာ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပို့ချပေးသွားမည်ဖြစ်ပြီး ပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းသား ၂၀ ဦးတက်ရောက်ခဲ့ကြကြောင်း ၊ ပြည်နယ်အဆင့် နည်းပြ များက ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်များတွင် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများ ဆက်လက်ပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။