အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် စက်မှုဇုန်ဒေသဆိုင်ရာကော်မတီ၏ စက်မှုလုပ်ငန်းများတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ် စက်မှုဇုန်ဒေသဆိုင်ရာကော်မတီ၏ စက်မှုလုပ်ငန်းများတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ကအဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ရည်ရွယ်၍ မူဝါဒများချမှတ်ကာ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက် ရှိကြောင်း ၊ ပြည်နယ်အနေဖြင့်လည်း ပြည်နယ်အတွင်း လက်ရှိဆောင်ရွက်နေသည့် စိုက်ပျိုးရေး ၊ မွေးမြူရေးကို အခြေခံသည့် ထွက်ကုန်များနှင့် ပြည်နယ်အတွင်းရှိ သဘာဝအရင်းအမြစ်များမှ ထုတ်လုပ် ရရှိသည့် သယံဇာတများကို ကုန်ချောအဆင့်သို့ ပြုပြင်ထုတ်လုပ်နိုင်ရေး ၊ ပြည်တွင်းပြည်ပသို့ တင်ပို့ ရောင်းချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၊ ထိုသို့စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့ ၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်များ တက်ညီလက်ညီ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြ စေလိုကြောင်း မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူးက စက်မှုဇုန် ဒေသဆိုင်ရာ ကော်မတီ၏လုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း ၊ စက်မှုလက်မှု လုပ်ငန်းရှင်များက လုပ်ငန်းလိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။