အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၁ခုနှစ်နှင့် ၂၀၂၂ ခုနှစ် စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍  ၂၀၂၁ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ၊ စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်များ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မင်္ဂလာအခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ၊ လွိုင်ကော်မြို့ ၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္က(မဟာဂန္တဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညို ကြပြီး ကယားပြည်နယ်အစိုးရဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က သာသနာတော်ဆိုင်ရာများကို လျှောက်ထားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၁ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် ပရိယတ္တိ စာအောင် သံဃာတော် နှင့် သီလရှင်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် စာအောင်ဆု အလှူတော်များကိုဆက်ကပ် လှူဒါန်းပြီး  အဘိဓမ္မာဂုဏ်ထူးဆောင် အောင်မြင်သည့်လူပုဂ္ဂိုလ်အား စာအောင်ဆုကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ၊ လွိုင်ကော်မြို့ ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေပြီး “ဗုဒ္ဓ သာသနံစိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို အဓိဋ္ဌာန်ပြု၍ မင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဓမ္မစရိယ ၊ ပါဋ္ဌိပထမပြန် နှင့် နိကာယ် စာမေးပွဲများကို  ကယားပြည်နယ်အနေဖြင့် ၂၀၂၁ ခုနှစ်တွင် သံဃာနှင့်သီလရှင် (၁၀၄) ပါးနှင့် လူပုဂ္ဂိုလ် (၁) ဦး ၊ ၂၀၂၂ ခုနှစ်တွင် သံဃာနှင့် သီလရှင် (၅၂)ပါး ၊ စုစုပေါင်း သံဃာနှင့်သီလရှင် (၁၅၆) ပါးနှင့် လူပုဂ္ဂိုလ် (၁) ဦးတို့မှ ဖြေဆိုအောင်မြင်ခဲ့ကြကြောင်း သိရသည်။