အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၂ခုနှစ် ၊ ပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၂ခုနှစ် ၊ ပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များ ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ၊ (မဟာဂန္တဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္ကထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ၊ (မဟာဂန္တဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္ကထံမှ အနုမောဒနာတရားနာကြား၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို အဓိဋ္ဌာန်ပြု၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။
ယနေ့ ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် လွိုင်ကော်မြို့နယ်မှ ဘုန်းတော်ကြီးကျောင်းပေါင်း (၁၀၇)ကျောင်း ၊ ဒီးမော့ဆိုမြို့နယ်မှ (၄၃)ကျောင်း ၊ ဖရူဆိုမြို့နယ်မှ (၇)ကျောင်း ၊ ဘောလခဲမြို့နယ်မှ (၂၄)ကျောင်း ၊ ဖားဆောင်းမြို့နယ်မှ (၁၃)ကျောင်း ၊ မယ်စဲ့မြို့နယ်မှ (၁၀)ကျောင်း ၊ ရှားတောမြို့နယ်မှ (၁၂)ကျောင်း ၊ စုစုပေါင်း (၂၂၆)ကျောင်း နှင့် လွိုင်ကော်မြို့နယ်မှ သီလရှင်ကျောင်း (၃)ကျောင်းတို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။