အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၂ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်အတွင်းရှိ အောင်ချက်အကောင်းဆုံးမြို့နယ်များ ၊ ကျောင်းများနှင့် ဂုဏ်ထူးရ ကျောင်းသား ၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၂ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်အတွင်းရှိ အောင်ချက်အကောင်းဆုံးမြို့နယ်များ ၊ ကျောင်းများနှင့် ဂုဏ်ထူးရထူးချွန် ကျောင်းသား ၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာများ ၊ ဂုဏ်ထူးရ ကျောင်းသား ၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ၊ ကျောင်းသူများက “ဘက်စုံပညာရည်တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတကာပညာရေးနှင့် ရင်ဘောင်တန်းနိုင်သည့် အခြေခံပညာရေးစနစ်မှသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ ကျောင်းသား၊ ဆရာ ၊ မိဘ ၊ ကျောင်းအကျိုးတော်ဆောင် ၊  ရပ်မိရပ်ဖတို့က သက်ဆိုင်ရာဌာနများနှင့် အချိတ်အဆက်မိမိ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ အောင်ချက်အကောင်းဆုံးမြို့နယ်များဖြစ်သည့် လွိုင်ကော်မြို့နယ် ၊ ဘောလခဲမြို့နယ် နှင့် မယ်စဲ့မြို့နယ်ရှိ မြို့နယ်ပညာရေးမှူးများအား လည်းကောင်း ၊ အောင်ချက်အကောင်းဆုံး ကျောင်းများဖြစ်သည့် လွိုင်ကော်မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း နှင့် မယ်စဲ့မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းများရှိ ကျောင်းအုပ်ကြီးများအားလည်းကောင်း ၊ ပြည်နယ်အတွင်း ထူးချွန် (၃)ဘာသာဂုဏ်ထူးရှင် (၅) ဦးအား လည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ဒေသကွပ်ကဲရေးမှူး နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ထူးချွန်(၂)ဘာသာဂုဏ်ထူးရှင် များအားလည်းကောင်း ၊ စီးပွားရေးရာဝန်ကြီး ၊ သယံဇာတရေးရာဝန်ကြီး ၊ လူမှုရေးရာဝန်ကြီး ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ၊ တိုင်းရင်းသားရေးရာဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်တရားသူကြီးချုပ် နှင့် ပြည်နယ်ပညာရေးမှူးတို့က ထူးချွန်(၁)ဘာသာဂုဏ်ထူးရှင်များအား လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အခမ်းအနား အဖွင့်သီချင်းနှင့် အပိတ်သီချင်းတွင် ပါဝင်သီဆိုဖျော်ဖြေကြသော ကျောင်းသား ၊ ကျောင်းသူများအား ပြည်နယ် ပညာရေးမှူး ၊ ဒေါက်တာကျော်လွင်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ဂုဏ်ထူးရကျောင်းသား ၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေပိတ်သိမ်းခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ထူးရ ကျောင်းသား ၊ ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။