အဓိကအကြောင်းအရာသို့ သွားမည်
x

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၊ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၊ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ  ၊ ဒေသကွပ်ကဲမှုစစ်ဌာချုပ်(လွိုင်ကော်) ၊ ဒေကကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာများ ၊  သင်တန်းနည်းပြ ဆရာ ၊ ဆရာမများ ၊ သင်တန်းသား ၊ သင်တန်းသူများနှင့် သင်တန်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝ ၊ ပညာရေး ၊ ကျန်းမာရေးစသည့် အဆင့်အတန်းများ မြင့်မားလာစေရန်အတွက် ပညာရည်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်သည့် လူငယ်များကို ပြုစုပျိုးထောင်လေ့ကျင့်ပေးသည့် အခန်းကဏ္ဍသည် အထူးအရေးပါကြောင်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)အနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ ယနေ့ထိ  နိုင်ငံ့ကိုယ်စားပြု လူငယ်လက်ရွေးစင် အားကစား လေ့ကျင့်ရေး စခန်းသို့ (၃၁)ဦး ၊ မြန်မာ့လက်ရွေးစင် အားကစား လေ့ကျင့်ရေး စခန်းသို့ (၁)ဦး မွေးထုတ်ပေး နိုင်ခဲ့ပြီး
ပြည်တွင်း ၊ ပြည်ပအားကစားပြိုင်ပွဲများတွင် ရွှေ ၊ ငွေ ၊ ကြေး ဆုတံဆိပ်များ ရရှိခဲ့ပါကြောင်း ၊ သင်တန်း တက်ရောက်ခွင့်ရသော လူငယ်မောင်မယ်များအနေဖြင့် သတ်မှတ်ထားသည့် အားကစား လေ့ကျင့်ရေး ၊ အိပ်ဆောင် နှင့် စားရိပ်သာ စည်းကမ်းများကို တိတိကျကျ လိုက်နာကြရန်နှင့် ပညာသင်ကြားရေး ကိုလည်း အာရုံစူးစိုက်ပြီး ဟန်ချက်ညီညီ တိုးတက်မှု ရရှိစေရေးအတွက် အစွမ်းကုန် ကြိုးစားကြစေ လိုကြောင်း ၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူပြုပြီး နိုင်ငံတော်နှင့် ပြည်နယ် အတွက်ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်မှန်းချက်ထား ကြိုးစားကြစေလိုကြောင်း  အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအကျိုးတော်ဆောင် အဖွဲ့ရန်ပုံငွေသို့ အလှူငွေထောက်ပံ့ လှူဒါန်းရာ ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာက လည်းကောင်း ၊  (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ပြေးခုန်ပစ်(တာလတ်) အားကစားသမား မလွှီးဇာအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ၎င်း၏ ကိုယ်စား နည်းပြတစ်ဦးကလည်းကောင်း လက်ခံရယူခဲ့ကြသည်။

ဆက်လက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့မှ အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်) ကျောင်းသို့ ထောက်ပံ့လှူဒါန်းသော ဆန် ၊ စားသုံးဆီများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကို တာဝန်ရှိသူအသီးသီးမှ ပေးအပ်ရာ ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာက လက်ခံရယူ ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား ၊ သင်တန်းသူများ ၊ သင်တန်းသားမိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားခဲ့ပြီး ခင်းကျင်းပြသ ထားသည့် အားကစားလှုပ်ရှားမှုဆိုင်ရာ မှတ်တမ်းဓါတ်ပုံများ ၊  အားကစားနည်းများအလိုက် အသုံးပြုသော ပစ္စည်းများကို ကြည့်ရှုခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဝင်းအတွင်းရှိ သင်တန်းသား ၊ သင်တန်းသူများ၏ သင်တန်းခန်းမ ၊ စာကြည့်တိုက် ၊  စားရိပ်သာ နှင့် အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုပြီး စာကြည့်တိုက်တွင် သုတ ၊ ရသ ၊ စာအုပ်စာစောင်များ ဝယ်ယူရန် အလှူငွေ ပေးအပ်ခဲ့ပြီး  အားကစား လေ့ကျင့်ရေးကွင်းနှင့် လေ့ကျင့်ရေးရုံများသို့ သွားရောက်ကာ လေ့ကျင့်ရေးအတွက် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ များကိုကြည့်ရှု စစ်ဆေးခဲ့သည်။

အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)၌ ဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၊ အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းတွင် ပထမအကြိမ် သင်တန်းသား (၂၆)ဦး ၊ သင်တန်းသူ (၉)ဦး ၊ စုစုပေါင်း (၃၅)ဦးကိုရွေးချယ်ထားပြီး ပြေးခုန်ပစ် ၊ ဘောလုံး ၊ ဂျူဒို ၊ တိုက်ကွမ်ဒိုစသည့် အားကစားနည်း (၅)နည်းကို သင်ကြားပေးသွားမည်ဖြစ်ကာ တက်ရောက်လိုသည့် သင်တန်းသား ၊ သင်တန်းသူများကိုလည်း ထပ်မံရွေးချယ်လျက်ရှိပြီး လေ့ကျင့်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။