အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ် ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တိုင်းမှူး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာများ ၊ ကျောင်းအကျိုးတော်ဆောင်များ ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ၊ ကျောင်းသူများက “တိုင်း/ပြည်နယ်အားလုံး ကျောင်းအပ်ပါစို့ကွယ်” သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် ဘက်ပေါင်းစုံမှစီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းကိုရေးဆွဲခဲ့ပြီး ပညာရေးမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ၊   အခြေခံပညာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရန် လိုအပ်ကြောင်း ၊ နိုင်ငံတော် တည်ဆောက်ရေးတွင် နိုင်ငံသားများ၏ ပညာရည် မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အနာဂတ် မျိုးဆက်သစ်များကို မွေးထုတ်ပေးရသည့် ဆရာ ၊ ဆရာမများ၏ အခန်းကဏ္ဍသည်အရေးပါကြောင်း ၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ကြောင်း ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစ၍ သင်ရိုးသစ် စတင်မည်ဖြစ်ပြီး အခမဲ့ပညာရေး စနစ်ကို အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၊ ကျောင်းသား ၊ ကျောင်းသူများ အတန်းပညာ ၊ အတတ်ပညာနှင့် အသိပညာများ မြင့်မားလာ စေရေးအတွက် သက်ဆိုင်ရာ ဌာနများ ၊ ဆရာ ၊ ဆရာမများ ၊ ကျောင်းအကျိုးတော်ဆောင်များ ၊ ကျောင်းသားမိဘများက ပူးပေါင်းပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ် ပညာရေးမှူးရုံး ၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က ပြည်နယ်အတွင်း ကျောင်းများဖွင့်လှစ်မှုနှင့် ကျောင်းအပ်နှံမှုအခြေအနေများ ၊ အခမဲ့ပညာရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု ၊ အမျိုးသားပညာရည် မြင့်မားရေး လုပ်ငန်းစဉ်များအရ ဆရာ ၊ ဆရာမများ၏အရည် အသွေးပြည့်မီစေရန် ဆောင်ရွက်ပေးနေမှု ၊ ကျောင်းသား ၊ ကျောင်းသူ များ၏ သင်ယူတတ်မြောက်မှုကို နည်းစနစ်သစ်များဖြင့် စစ်ဆေးတိုင်းတာမည့်  သင်ကြားရေးဆိုင်ရာ နည်းလမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။ 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်ရိုးသစ် Grade-5 ၊ Grade-8 နှင့် Grade-11 ကျောင်းသုံးပုံနှိပ် စာအုပ်များကိုလည်းကောင်း ၊ အရှေ့ပိုင်းတိုင်းစစ်ဌာချုပ် ၊ တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်က ဗလာစာအုပ် များကိုလည်းကောင်း ၊ သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးက စာရေးကိရိယာ များကိုလည်းကောင်း ကျောင်းသား ၊ ကျောင်းသူများအား ပေးအပ်ခဲ့ပြီး ကယားပြည်နယ် ပညာရေးမှူးရုံး ၊ ညွှန်ကြားရေးမှူးက ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် ဖျော်ဖြေရေး အစီအစဉ် ၌ပါဝင်ခဲ့ကြသော ကျောင်းသား ၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ယင်းနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ၊ ကျောင်းသူများက ပြည်မြန်မာသီချင်း သီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသားမိဘများနှင့် ကျောင်းသား ၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး အခြေခံပညာဦးစီးဌာနမှ ခင်းကျင်းပြသ ထားသည့်ကျောင်းသား ၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးသည့် အတန်းအလိုက် ကျောင်းသုံး ပုံနှိပ်စာအုပ်များ ၊ ဗလာစာအုပ်များ ၊ စာရေးကိရိယာများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။