အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ဝန်ကြီးဗိုလ်မှူးကြီးမြင့်ဝေက ကယားပြည်နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးကဏ္ဍအလိုက် စိုက်ပျိုးသီးနှံများ စိုက်ပျိုးထွက်ရှိမှုအခြေအနေများ ၊ ရေရရှိရေးလုပ်ငန်းများ ၊ မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေဆောင်ရွက်ထားရှိမှုများ ၊ မွေးမြူရေးကဏ္ဍတွင် ကြက် ၊ ဝက် ၊ နွား ၊ ဆိတ် နှင့် ငါး မွေးမြူထားရှိမှုများ ၊ သဘာဝရေပြင်များတွင် ငါးမျိုးစိုက်ထည့်နိုင်မှုအခြေအနေများနှင့် ဒေသတွင်း ဆန် ၊ ဆီ ဖူလုံမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ် စီးပွားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဦးစိန်ဦးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မိုးသီးနှံများစိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ကောက်ခံရရှိမှုနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မိုးသီးနှံများ စိုက်ပျိုးစရိတ် ထုတ်ချေးမှုအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်စကားပြောကြားရာတွင် ကယားပြည်နယ်သည် ရေ၊ မြေ ၊ရာသီဥတု ကောင်းမွန်သည့် ပြည်နယ်တစ်ခုဖြစ်သဖြင့် အဓိကသီးနှံဖြစ်သည့် မိုးစပါး ၊ နွေစပါးအပြင် မိမိဒေသနှင့်ကိုက်ညီသည့် အခြားသီးနှံများကိုလည်း စိုက်ဧကတိုးချဲ့ဆောင်ရွက်နိုင်ရေး ၊ တစ်ဧက အထွက်နှုန်းတိုးရေးကိုလည်း ကြိုးစားအကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရေတို ၊ ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ၊ ထို့အပြင် မွေးမြူရေးကဏ္ဍအနေဖြင့် ကြက် ၊ ဝက် ၊ ဆိတ် ၊ ဘဲ နှင့် ငါးမွေးမြူရေးကိုလည်း အဓိကထုတ်ကုန်အဖြစ် မွေးမြူထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ၊ တောင်သူများ၏ စိုက်ပျိုးရေး ၊ မွေးမြူရေးကဏ္ဍ တိုးတက်စေရေးအတွက် တောင်သူများအား နည်းပညာပံ့ပိုးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများ ငွေကြေးလိုအပ်ချက်ရှိပါကလည်း နိုင်ငံတော်ချေးငွေပံ့ပိုးမှု ရရှိရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ လိုအပ်ပါက စိုက်ပျိုး မွေးမြူရေးဇုံများ ဖော်ထုတ်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလမ်းညွှန်မှာကြားခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးအကြံပြုခဲ့ကြကြောင်းသိရသည်။