Skip to main content
x

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ ဆယ်ယူခြင်း၊ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက် ထေးငှားလျားကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းများဆောင်ရွက်

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့အား ပြည်နယ်မြို့တော် အင်္ဂါရပ်များနှင့် အညီဖြစ်စေရေး သာမက ပြည်နယ်တွင်း စားရေရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေးကိုပါ အလေးထားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မင်းစုရပ်ကွက်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုအားပေးခြင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ထေးငှားလျားကန် အတွင်း ငါးမျိုးစိုက်ထည့်ခြင်းများဆောင်ရွက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းစုရပ်ကွက်ရှိ တပင်ရွှေထီးလမ်း တစ်လျှောက် စည်ပင်သာယာရေးဝန်ထမ်းများက မိုးကုန်ကာလတွင် ရေမြောင်းများ အတွင်း သဲ၊ နုန်း၊ အမှိုက်သရိုက်များ ကင်းစင်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် စက်ယန္တရားများဖြင့် ရေမြောင်းများ ဆယ်ယူခြင်း၊ တပင်ရွှေထီးလမ်း၊ ဆင်းရွှေသွယ်လမ်း၊ ဆင်းသင်္ဂီလမ်းဘေးဝဲယာ များတွင် ပြည်နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ရပ်ကွက်နေပြည်သူများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး သည်။  
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းသားကျောင်းသူများ အိပ်ဆောင်နှင့် စားရိပ်သာအား ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီးက ကျောင်းသားလက်ခံထားရှိမှု အခြေအနေများ အားရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် အောင်ချက်မြင့်မားရေးအတွက် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက် ပေးရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ငါးမျိုးစိုက်ထည့်မည့် ထေးငှားလျားကန်သို့ သွားရောက်ပြီး ဌာန ဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများနှင့် အတူ နှစ်လက်မအရွယ်အစားရှိ ငါးမြစ်ချင်း ကောင်ရေ ငါးသောင်းနှင့် ငါးခုံးမ ကောင်ရေ နှစ်သိန်းခွဲတို့ကို ထေးငှားလျားကန်အတွင်သို့ ငါးမျိုးစိုက်ထည့်ခဲ့ ကြောင်းသိရသည်။