Skip to main content
x

လွိုင်ကော်မြို့တွင် တန်ဆောင်တိုင်ပွဲတော် မီးပုံပျံပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ တန်ဆောင်တိုင်ပွဲတော်မီးပုံးပျံပြိုင်ပွဲကို ယမန်နေ့ညက လွိုင်ကော်မြို့ ကန္ဒဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအံ့မော်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် မီးပုံးပျံပြိုင်ပွဲဝင် အသင်းများ  တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲပထမနေ့အဖြစ် ကန္ဒာဟေဝန်ပန်းခြံ ကျောက်သား ရင်ပြင်ကွင်းအတွင်း၌ပြုလုပ်ရာ လွိုင်ကော်မြို့ ရပ်ကွက်အသီးသီးမှ ပြိုင်ပွဲဝင်ညမီးကြီး ၁၁ လုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပွဲတော်လာ ဧည့်ပရိသတ်များက တခဲနက် ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ညမီးကြီးမီးပုံးပျံ ၃၀ လုံးပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
တန်ဆောင်တိုင်ပွဲတော် ဒုတိယနေ့နှင့် တတိယနေ့များတွင် ကျောက်သားရင်ပြင်ကွင်း အတွင်း၌ တေးဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး တန်ဆောင်မုန်း လပြည့်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးဌာနအသီးသီးနှင့် စေတနာရှင်ပြည်သူများက မြန်မာ့ရိုးရာ အစားအစာမျိုးစုံကို ဝန်ကြီးဌာနအလိုက် စတုဒီသာမဏ္ဍပ်များဖြင့် ကုသိုလ်ပြု ဧည့်ခံကျွေးမွေးခြင်းနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။