Skip to main content
x

လွိုင်ကော်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် စာသင်ကျောင်းများ၊ သာသနိကအဆောက်အအုံများ၊ ဘုရားစေတီများ ပြုပြင်မွမ်းမံနိုင်ရေး ဆောင်ရွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှ

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့ကို မြို့တော်အင်္ဂါရပ်နှင့် အညီ စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့ဖြစ်စေရေး အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကယားဒေးကွင်းနှင့် အထက (ချိကယ်)ကျောင်းအဝင်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ ကျောင်းဆောင်များ တည်ဆောက်နေမှုနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိက အဆောက်အအုံများ၊ ဘုရားစေတီများ ပြန်လည်ပြုပြင်မွမ်းမံရမည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကယားပြည်နယ်နေ့ ကျင်းပသည့် ကယားဒေးကွင်းသို့ သွားရောက်ပြီး ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ကွင်းပတ်ဝန်းကျင်တွင် ချုံမြက်များရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှု အားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။ 
ဆက်လက်၍ ထေးသမရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ချိကယ်)သို့ သွားရောက်ပြီး ကျောင်းအဝင်လမ်းတစ်လျှောက်၌ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် RCC နှစ်ထပ်စာသင်ဆောင် ဆောက်လုပ်နေမှု၊  RCC တစ်ထပ်စာကြည့်တိုက်ဆောက်လုပ်ပြီးစီးမှုနှင့် လွိုင်ကော်ခရိုင်ပညာရေးမှူးရုံး RCC နှစ်ထပ် အသစ်တည်ဆောက် နေမှုတို့ကိုလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလ အတွင်း ပြီးစီးနိုင်ရေးဆောင်ရွက်ရန်၊ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာ သင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စဉ်ဆက်မပြတ် ဆောင်ရွက် ပေးရန် တာဝန်ရှိသူများအား မှာကြားသည်။ 
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွာတန်းရှည်ရပ်ကွက်ရှိ ဗုဒ္ဓဥယျာဉ်တော်သို့ သွားရောက်ပြီး အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဗုဒ္ဓဥယျာဉ် ဂန္ဓကုဋီတိုက်၊ နေစက်လစက်စေတီတော်နှင့် ဗုဒ္ဓဥယျာဉ်တော်ပရဝုဏ်အတွင်းရှိ မယ်စဲ့ ဓမ္မာရုံတို့ ပြန်လည်ပြုပြင်မွမ်းမံရမည့်အခြေအနေများကို ကြည့်ရှုစစ်‌ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဥယျာဉ်တော်အတွင်း ချုံနွယ်များရှင်းလင်း၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ကယားပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) ကို နိုဝင်ဘာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဆပ်ကော်မတီများ ဖွဲ့စည်းပြီး စနစ်တကျ တာဝန်ပေးထားပြီးဖြစ်ပါကြောင်း၊ ဒေသလိုအပ်ချက် အလိုက် အကောင်အထည် ဖော်ရမည့် လုပ်ငန်းစဉ်များ သတ်မှတ်ဆောင်ရွက်ရန် လိုအပ်သလို ခွင့်ပြုရန်ပုံငွေများကိုလည်း ထိရောက်စွာသုံးစွဲရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်း ဆောင်ရွက်ခြင်းသည် ပြည်နယ်အတွင်း လူသားအရင်းအမြစ် ပေါကြွယ်ဝစေရန် တစ်ဖက်တစ်လမ်းမှ အကျိုးပြုသည့်အတွက် ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်းများကို စိတ်ပါဝင်စားစွာ လုပ်ဆောင် ရန်နှင့် တိုးတက်မှုကို ဆန်းစစ်ဆောင်ရွက်သွားရန်၊ လုပ်ငန်းများ အောင်မြင်ရေး အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီ အသီးသီးမှ အတွင်းရေးမှူးများက မိမိတို့ဆပ်ကော်မတီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းကော်မတီ အတွင်းရေး မှူးနှင့် ဆပ်ကော်မတီ ဥက္ကဋ္ဌများက ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။ 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။