Skip to main content
x

ကယားပြည်နယ်အစိုးရအဖွဲ့က (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲတွင် ပြည်နယ်ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုချီးမြှင့်

ကယားပြည်နယ်အစိုးရအဖွဲ့က (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲတွင် ပြည်နယ်ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ နည်းပြဆရာ၊ ဆရာမများ၊ ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များတက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ ၂၀၂၆ ခုနှစ် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲတွင် ကယားပြည်နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအားလုံး၏ ကြိုးစားအားထုတ်မှု၊ အနုပညာစွမ်းရည်နှင့် ပြည်နယ်ဂုဏ်ဆောင်နိုင်မှုတို့ကို အသိအမှတ်ပြုသည့် အနေနှင့် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုအနုပညာရပ်များကို ထိန်းသိမ်းမြှင့်တင် ခြင်းသည် အနုပညာရပ်တစ်ခုတည်းကို ထိန်းသိမ်းခြင်းမဟုတ်ဘဲ မိမိတို့၏ အမျိုးသားရေးလက္ခဏာ၊ သမိုင်းအစဉ်အလာနှင့် ပြည်ထောင်စုစိတ်ဓာတ်ကိုပါ ထိန်းသိမ်းမြှင့်တင် ခြင်းဖြစ်သည်ကို လူငယ်များအားလုံး နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း၊ ပြည်နယ်အစိုးရအနေနှင့်လည်း ပြည်နယ်အတွင်း တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေး၊ အနုပညာရှင်များနှင့် မျိုးဆက်သစ်လူငယ် များ၏ အနုပညာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် တတ်နိုင်သမျှ ဆက်လက်အားပေးကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။ 
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲတွင်ဆုရရှိသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ရွှေတံဆိပ်ဆုရရှိသူတို့အတွက် ချီးမြှင့်ငွေများပေအပ်ရာ လူမှုရေးရာဝန်ကြီးနှင့် ရွှေတံဆိပ်ဆုရှင်တို့က လက်ခံရယူခဲ့ကြသည်။
ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးကပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး ဆုရရှိသူများကိုယ်စား ရွှေတံဆိပ်ရရှိသူမှ ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ကယားတိုင်းရင်းသားရိုးရာအကအဖွဲ့က စည်းလုံးခြင်းအတွက် ကြကြဲဘရူ သီချင်းဖြင့် ကပြဖျော်ဖြေမှု၊ အခြေခံပညာ (၁၅-၂၀) အဆင့်တယောပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်က တီးခတ်ဖျော်ဖြေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကယားပြည်နယ် ကိုယ်စားပြုပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မှုများအား Video Clip ဖြင့် ပြသခဲ့ပြီး ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။