Skip to main content
x

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 ၊ Grade-12 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းများဖွင့်ပွဲ အခမ်းအနား တက်ရောက်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 ၊ Grade-12(သင်ရိုးသစ်) ဆင့်ပွားသင်တန်းများ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က လွိုင်ကော်မြို့ ၊ ပြည်နယ်ပညာရေးမှူးရုံး ၊ ပညာ့ဗိမ္မာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ သင်တန်းနည်းပြဆရာ ၊ ဆရာမများနှင့် သင်တန်းသား ၊ သင်တန်းသူများ တက်ရောက်ခဲ့ ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က သင်တန်းအဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်းကို ရေးဆွဲခဲ့ပြီး ပညာရေးမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော ဘက်စုံပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးကို အားပေး မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ဆရာ ၊ ဆရာမများသည် အနာဂါတ်မျိုးဆက်သစ် လူငယ်များအား စဉ်ဆက်မပြတ်မွေးထုတ်နိုင်ရေးနှင့် နိုင်ငံ့သားကောင်းများ ဖြစ်စေရေး အတွက် အတတ်ပညာ ၊ အသိပညာများသာမက နိုင်ငံသားကျင့်ဝတ်နှင့် လူမှု့ကျင့်ဝတ်များကို သင်ကြားပေးနိုင်ရေးအတွက် မိမိကိုယ်တိုင်က အရည်အသွေး ပြည့်ဝနေရမည်ဖြစ်ကြောင်း ၊ ပြည်တွင်းပြည်ပ ပညာရှင်များ ပူးပေါင်းပြီး ဘက်စုံလွှမ်းခြုံ သည့် ပညာရေးကဏ္ဍ လေ့လာ ဆန်းစစ်မှုများအရ ပြုစုရေးဆွဲ ထားသော အခြေခံပညာ သင်ရိုးညွှန်းတန်း(သင်ရိုးသစ်)သည် ကျောင်းသား ၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နည်းပြများနှင့် သင်တန်းသား ၊ သင်တန်းသူများ အတွက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ခင်မြင့်က သင်တန်းသား ၊ သင်တန်းသူများအား သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် သင်တန်းသား ၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

အဆိုပါ Grade-9(သင်ရိုးသစ်) ဆင့်ပွားသင်တန်းကို မေလ ၁၇ ရက်နေ့မှ ၂၄ ရက်နေ့ထိ လည်းကောင်း ၊ Grade-12(သင်ရိုးသစ်)ဆင့်ပွားသင်တန်းကို မေလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့ထိ လည်းကောင်း သင်တန်းနည်းပြ ဆရာ ၊ ဆရာမ (၄၆)ဦးဖြင့် ဖွင့်လှစ်သင်ကြားပို့ချ သွားမည်ဖြစ်ပြီး ကယားပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ ၊ ဆရာမ (၆၃၄)ဦး တက်ရောက်သင်ကြားမည် ဖြစ်ကြောင်းသိရသည်။