Skip to main content
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကယားပြည်နယ်(၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကယားပြည်နယ်(၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသော ဆရာတော်သံဃာတော် အရှင်သူမြတ်များ ၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး ကယားပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ လွိုင်ကော်မြို့ ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္က(မဟာဂန္တဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ လွိုင်ကော်မြို့နယ် သံဃနာယကအဖွဲ့ ၊ တွဲဖက်အကျိုးတော်ဆောင် မစိုးရိမ်ကျောင်းဆရာတော် ဘဒ္ဒန္တသုမနနှင့် လွိုင်ကော်မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ၊ လောဓမ္မကျောင်းဆရာတော် ဘဒ္ဒန္တဝဏ္ဏိတာနန္ဒ အရှင်သူမြတ်နှစ်ပါးတို့က ကထိန်အမေးအဖြေ ဆောင်ရွက်တော်မူခဲ့ကြသည်။
ယင်းနောက် ကယားပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ လွိုင်ကော်မြို့ ၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္က(မဟာဂန္တဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဆရာတော်ဘုရားထံမှ အနုမောဒနတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယနေ့အလှူတော်မင်္ဂလာ အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များက ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ပဒေသာပင်(၁၀၄)ပင်ကို စုပေါင်းလှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် စုပေါင်းလှူဒါန်းငွေမှာ ကျပ်သိန်း ၅၄၁,၇၀၇၅၀ ဖြစ်ကြောင်းသိရသည်။