Skip to main content
x

ကယားပြည်နယ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကယားပြည်နယ် ၊ ၂၀၂၂ခုနှစ် ၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နေ့လည်(၁)နာရီ အချိန်ကလွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ် ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ ဆပ်ကော်မတီအသီးသီး တို့မှကော်မတီဝင်များ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်ဒိုင်များ၊ ပြိုင်ပွဲဝင်မျိုးဆက်သစ်များနှင့် မိသားစုဝင်များ ၊ အနုပညာချစ်မြတ်နိုးသည့် တိုင်းရင်းသား ပြည်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမှာစကား ပြောကြားရာတွင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများအား ဖော်ထုတ်ထိန်းသိမ်းနိုင်ပြီး မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်း အမွေပေးစေနိုင်ရေးအတွက် နိုင်ငံတော်မှချမှတ်ထားသော ဦးတည်ချက်များနှင့်အညီ ပြုလုပ်ခဲ့သော ကယားပြည်နယ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲမှ အနုပညာအရည်အသွေးရှိသော ပြည်နယ်သူ ၊ ပြည်နယ်သား ဂီတသုခုမ အနုပညာရှင် မျိုးဆက်သစ်များကို ဖော်ထုတ်နိုင်ခဲ့ပါကြောင်း ၊ ပြည်ထောင်စုအဆင့်တွင် အောင်မြင်မှုဆုတံဆိပ်များကို ပြည်နယ်ဂုဏ်ဆောင်အနေဖြင့် ဆွတ်ခူးရရှိစေရန် မျိုးဆက်သစ်များကို နည်းပြများဖြင့် အနီးကပ် လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက် များကို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး ၊ အတီး ပြိုင်ပွဲကြီးသည် မြန်မာတိုင်းရင်းသားတို့၏ အနုသုခုမပညာရပ်များ ရှင်သန်ပြန့်ပွား လာပြီးနိုင်ငံနှင့် လူမျိုး၏ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးနေခြင်းဖြစ်၍ ပြည်နယ်သူပြည်နယ်သားအားလုံးက ဂုဏ်ပြုကြိုဆိုအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၂ခုနှစ် ၊ ကယားပြည်နယ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်)ဆုချီးမြှင့်ပွဲတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် နှင့် တာဝန်ရှိသူတို့က အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အဆို၊ အက၊ အရေး ၊အတီး ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ပြိုင်ပွဲဝင်များအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆုရရှိကြသည့် အဆို ၊ အက ၊ အရေး ၊ အတီး အဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များက ပြန်လည်ဖျော်ဖြေ တင်ဆက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ကယားပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့် ) ပြိုင်ပွဲကို စက်တင်ဘာလ ၂ ရက်နေ့တွင် သတ်မှတ်နေရာများဖြစ်သော ကယားပြည်နယ်ခန်းမ၌ အကပြိုင်ပွဲနှင့် အတီးပြိုင်ပွဲ ၊ လွိုင်ကော်မြို့နယ်ခန်းမတွင် အဆိုပြိုင်ပွဲနှင့် အရေးပြိုင်ပွဲများကို စုစုပေါင်း ပြိုင်ပွဲအမျိုးအစား (၂၄) မျိုးဖြင့် ပြည်နယ်အတွင်းရှိ အဆို ၊ အက ၊ ဂီတ ၊ အနုသုခုမ ဝါသနာရှင် စုစုပေါင်း ပြိုင်ပွဲဝင်(၂၂၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့မှ  ပြည်နယ်အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား၌ အဆို ၊ အက ၊ အရေး ၊ အတီး ကဏ္ဍအလိုက် ဆုပေါင်း (၆၂)ဆုကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရသည်။