Skip to main content
x

လွိုင်ကော်မြို့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရန်အတွက် ခင်ပွန်းသည်များ ၊ ဖခင်များ ၊ မိတ်ဆွေသူငယ်ချင်းများအပြင် ဆုံးဖြတ်ချက်ချခွင့်ရှိသူများ ၊ ရပ်ရွာလူထုခေါင်းဆောင်များ ၊ ဘာသာရေးခေါင်းဆောင်များအနေဖြင့်လည်း အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နိုင်ပါကြောင်း ၊ အကြမ်းဖက်မှုများကို အားပေးနေသည့် တစ်ချို့သော စံနှုန်းများကိုလည်း တိုက်ဖျက်ရန်လိုအပ်ကြောင်း ၊ အကြမ်းဖက်ခံရသော အမျိုးသမီးများအတွက် လိုအပ်သောဝန်ဆောင်မှုများ ပံ့ပိုးပေးရန် Gender Budgeting ကိုလည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း ၊ ကျား ၊ မ အခြေပြုအကြမ်းဖက်ခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်နေကြသည့် လူမှုရေးအဖွဲ့အစည်းများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်း အဖွင့်အမှာစကားတွင်ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး Video Clip ပြသပြီး ပန်းအလှပြိုင်ပွဲ နှင့် အချက်အပြုတ်ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ကယားပြည်နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။