Skip to main content
x

ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ် ၊ ဒေါဥခူရပ်ကွက်ရှိ  ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို နိုင်ငံတော်အစိုးရအနေဖြင့် အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် လူငယ်လူရွယ်များအတွက် အဓိကအားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီး သီးခြားဝန်ကြီးဌာနတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီဖြစ်ကြောင်း ၊ ကယားပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန အနေဖြင့် ပြည်နယ်အားကစားအဆင့်အတန်း တိုးတက်မြှင့်မားရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး ကြိုးစားအကောင်အထည်ဖော်နိုင်ရန်အတွက် ယခုလို အားကစားပညာပေး သင်တန်းများ ဖွင့်လှစ်ပြီး လုပ်သားပြည်သူများ ၊ ကျောင်းသားကျောင်းသူများ ၊ လူငယ် မောင်မယ်များကို ကျန်းမာကြံ့ခိုင်ပြီး ပြည်နယ်လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် အခြေခံကျသည့် ခြေလှမ်းတစ်ခုကို လျှောက်လှမ်းလိုက်ပြီဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသား ၊ သင်တန်းသူများက အခြေခံအားကစားနည်းများဖြစ်သည့် အေရိုးဗစ် ၊ စားပွဲတင် တင်းနစ် နှင့် ကြက်တောင်အားကစားနည်းများကို သရုပ်ပြသခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ သင်တန်းသား ၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။