Skip to main content
x

၂၀၂၁ ခုနှစ် (၂၈) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ လွိုင်ကော်မြို့၌ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ သာသနာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၁ ခုနှစ် (၂၈) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို ဇွန်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ တစ်နိုင်ငံလုံး၌ ကျင်းပမည်ဖြစ်ရာ ကယားပြည်နယ် လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က အစိုးရနိကာယ်စာမေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို စာဖြေသံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ စိတ်အနှောင့်အယှက်မရှိ စိတ်အေးချမ်းသာစွာဖြင့် မသမာမှုကင်းရှင်းစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုကိုခံယူ၍ သက်ဆိုင်ရာဆပ်ကော်မတီများ၊ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၏ ပူးပေါင်းကူညီဆောင်ရွက်မှုများဖြင့် အဆင်ပြေချောမွေ့စွာ စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး  ပြည်နယ်အတွင်းရှိစာသင်တိုက်များမှ အစိုးရနိကာယ်စာမေးပွဲကို စာဖြေသံဃာ (၉) ပါး၊ သီလရှင်(၂)ပါးနှင့် လူပုဂ္ဂိုလ် (၁)ဦး တို့က ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
စာမေးပွဲကျင်းပစဉ်ကာလအတွင်း အစိုးရနိကာယ်စာမေးပွဲကြီးကြပ်ရေး ဆရာတော်များ၊ စာဖြေသံဃာတော်များ၊ သီလရှင်များ နှင့် လူပုဂ္ဂိုလ်တို့အတွက် ဆွမ်း၊ ကွမ်း ဝေယျဝစ္စများကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ လွိုင်ကော်မြို့ပေါ်ရှိ စေတနာရှင်ပြည်သူများက ကုသိုလ်ပြုလှူဒါန်းခဲ့ကြကြောင်း သိရသည်။