လွိုင်ကော်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအရှိန်အဟုန်မပြတ်ဆောင်ရွက်၊ အန္တရာယ်ကင်းအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၈) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အ
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့ကို မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့ဖြစ်စေရေး အလေးထားအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့်အတူ ကယားဒေးကွင်းနှင့် အထက (၆)ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ ကျောင်းဆောင်များ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကယားပြည်နယ်နေ့ကျင်းပသည့် ကယားဒေးကွင်းသို့ သွားရောက်ပြီး ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ကွင်းပတ်ဝန်းကျင်တွင် ချုံမြက်များရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးကာ လိုအပ်သည် များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဒေါဥခူရပ်ကွက်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက် ပြီး ကျောင်းဝင်းအတွင်း ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်းသန့်ရှင်းရေးပြုလုပ် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် (၁၄၀ ပေ x ၃၀ ပေ) R.C နှစ်ထပ်စာသင်ဆောင် ဆောက်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးဆောင်ရွက်ရန်၊ ကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ကယားပြည်နယ် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည့် နေ့ညအသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိ သူများနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
အခမ်းအနားကို ဆရာတော်သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပြည်နယ်သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ဆရာတော်ဘဒ္ဒန္တပညာသီရိက အနုမောဒနာဂါထာဖတ်ကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီးအမှူးပြုသော ဧည့်ပရိသတ်များက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ (၃၈) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရား သူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်က အဖွင့်အမှာစကားပြောကြားရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးကဏ္ဍတွင် အဓိကကျသည့် ဌာနဖြစ်ပြီး ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့်ဌာန တစ်ခုဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြားဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးရသည့် ဌာနဖြစ်သည့်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် စံနမူနာပြ ဖြစ်ရန် စဉ်ဆက်မပြတ် ကြိုးစား လေ့ကျင့်နေကြရမည်ဖြစ်ကြောင်း၊ “ပြည်သူကို ဗဟိုပြုသည့် ကောင်းမွန်သောအုပ်ချုပ်ရေးယန္တရားတည်ဆောက်ရေး” ဆိုသည့် ဌာန၏ မျှော်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းနယ်ပယ်အလိုက် တာဝန်ယူမှုဆိုသည့် စံနှုန်းများနှင့်အညီ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြောင့်မတ် မှန်ကန်စွာ အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး နိုင်ငံတော်နှင့် ပြည်သူများ အားထားရသည့် အုပ်ချုပ်ရေးဌာနကြီးတစ်ခုအဖြစ် ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ကလည်းကောင်း၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်သည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်း သားသမီး ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်း Video Clip ပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက “မြန်ပြည်တစ်ဝှမ်း GA အစွမ်း” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက အဖွင့်နှင့်အပိတ် သီချင်း သီဆိုခဲ့ကြသည့် ဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
(၃၈) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) တွင် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
