Skip to main content
x

လွိုင်ကော်မြို့တွင် အားကစားကွင်း၊ အားကစားရုံနှင့် လူငယ်စင်တာ တည်ဆောက်ခြင်းလုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်၊ ပြည်နယ်ကျက်သရေဆောင် မြို့နာမ်ရွှေစေတီတော် တင့်တယ်သပ္ပါယ်ရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ အားကစားအဆင့်အတန်းမြင့်မားရေးနှင့် လူငယ်များ ဗလငါးတန်ပြည့်စုံစေရေးအတွက် လိုအပ်သည့်အားကစားဆိုင်ရာ အခြေခံအဆောက် အအုံများကို အလေးထားဖြည့်ဆည်း အကောင်အထည်ဖော်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များလိုက်ပါလျက် အားကစား ကွင်း၊ အားကစားရုံနှင့် လူငယ်စင်တာတည်ဆောက်နေမှုအခြေအနေများနှင့် မြို့နာမ်စေတီတော် သန့်ရှင်းရေးဝေယျာဝစ္စ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ 
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်သို့ သွားရောက်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် (၁၂၀ ပေ x ၉၀ ပေ) မိုးလုံလေလုံ အားကစားရုံတည်ဆောက်ခြင်းနှင့် ဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က အားကစားရုံနှင့် အားကစားကွင်းများကို သတ်မှတ် စံချိန်စံညွှန်းပြည့်မီစွာ ဆောက်လုပ်ဆောင်ရွက်ရန်၊ လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီး ရေးနှင့် ဘဏ္ဍာငွေထုတ်ယူမှုများကို စနစ်တကျထုတ်ယူနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူ များ အားမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် လူငယ်စင်တာ ၁၂၀ ပေ ၄၀ ပေ RC သုံးထပ် အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်လျက် ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ရန်၊ လိုအပ်သည့် ပရိဘောဂများနှင့်  အသုံးအဆောင်ပစ္စည်းများ ဖြည့်တင်းနိုင်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ကျက်သရေဆောင် သမိုင်းဝင် မြို့နာမ်ရွှေစေတီတော်သို့ သွားရောက်၍ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် စေတီတော်ရင်ပြင်နှင့် ပရဝုဏ်အတွင်း မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်နယ်သာသနာရေးဦးစီးဌာန ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှုများနှင့် ဗုဒ္ဓမြတ်စွယ်တော်တိုက်အတွင်း ဝေယျာဝစ္စ ဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။