လွိုင်ကော်မြို့တွင် ဆောင်းနေကြာစိုက်ပျိုးသည့် တောင်သူများအား သက်သာသောနှုန်းထားဖြင့် ယူရီးယားဓာတ်မြေဩဇာများ ရောင်းချပေး၊ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား အခြေခံ စားသောက်ကုန်များပေးအပ်
ကယားပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးသည့် တောင်သူ များအား သက်သာသောနှုန်းထားဖြင့် ယူရီးယားဓာတ်မြေဩဇာများ ရောင်းချပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြည်နယ်၏ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေးနှင့် ပြည်တွင်း စားသုံဆီဖူလုံရေးအတွက် တောင်သူများထံ သက်သာသောနှုန်းထားဖြင့် ယူရီးယား ဓာတ်မြေဩဇာများကို ရောင်းချပေးခြင်းဖြစ်ကြောင်း၊ ဓာတ်မြေဩဇာကို သီးနှံအမျိုးအစား အလိုက် လိုအပ်သည့် ပမာဏအား သင့်တော်မှန်ကန်စွာ အသုံးပြုရန်လိုအပ်ကြောင်းစသည်ဖြင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော် မြို့နယ် စံပြ(၄) မိုင်ကျေးရွာနှင့် ဒီးမော့ဆို မြို့နယ် ဒေါပိုးစီကျေးရွာတို့မှ တောင်သူများထံ ယူရီးယားဓာတ်မြေဩဇာများပေးအပ်သည်။
ဆက်လက်၍ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လွိုင်ကော်မြို့နယ် ပဒါးညေး၊ လင်ဖုံလေး၊ ကုန်းသာ၊ ကုန်းဆွတ်၊ ပိန်းချစ်ကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ်၊ ဂေါ်ရခါးကျေးရွာတို့မှ တောင်သူများထံ ယူရီးယားဓာတ်မြေဩဇာများကို အသီးသီးပေးအပ်ကြသည်။
ထို့နောက် တောင်သူများကိုယ်စား စံပြ(၄)မိုင်ကျေးရွာမှ တောင်သူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး တက်ရောက်လာသည့် တောင်သူများက စိုက်ပျိုးရေးအတွက် လိုအပ်သည်များတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးအပ်ခဲ့ပြီး တက်ရောက်လာသည့် တောင်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၌ စိုက်ပျိုးထားသည့် နေကြာစိုက်ခင်းဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးပြီး တောင်သူများထံ ဆောင်းနေကြာ မျိုးစေ့များပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် လွိုင်ကော်မြို့ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်ထုတ်ယူနေမှု အခြေအနေကို ကြည့်ရှုအားပေးပြီး ပင်စင်လာရောက် ထုတ်ယူကြသည့် နိုင်ငံဝန်ထမ်း အငြိမ်းစားများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုအခြေအနေအား လှည့်လည်ကြည့်ရှုပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားကာ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့်ဆီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
