ကယားပြည်နယ်၏ အားကစားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် အခြေခံအဆောက်အအုံများ ပြုပြင်ဆောင်ရွက်
ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အတူ ယနေ့နံနက်ပိုင်း က လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ ပြည်နယ်အားကစားကွင်း(ဒေါဥခူ)သို့ သွားရောက်၍ အကြမ်းဖက်သောင်ကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အားကစားရုံများ ပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်အားကစားကွင်း(ဒေါဥခူ)သို့ သွားရောက်ပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘတ်စကက်ဘောရုံအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းဘဏ္ဍာရန်ပုံငွေဖြင့် အကြီးစား ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုူ အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် အားကစား ရုံဖြစ်သည့်အလျောက် အားကစားရုံအား သက်မှတ်အရည်အသွေးပြည့်မီစွာဖြင့် ဘဏ္ဍာရေးနှစ် အတွင်း အချိန်မီပြီးစီးရေး ပြုပြင်ဆောင်ရွက်ရန်၊ ရုံနှင့်ရုံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကြီးစားပြုပြင် ဆောင်ရွက်လျက်ရှိသည့် တိုက်ကွမ်ဒိုအားကစားရုံသို့ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ထားသည့် ရုံအင်္ဂါရပ်နှင့်အညီဖြစ်စေရေး စနစ်တကျပြုပြင်ဆောင်ရွက်ရန်နှင့် ကျန်ရှိလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘောလုံးကွင်းပွဲကြည့်စင်နှင့် အားကစား သမားများ နားနေခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်းပွဲကြည့်စင်အား အားကစားပြိုင်ပွဲများ ဆောင်ရွက်ပြီးချိန်များတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး စဉ်ဆက်မပြတ်ဆောင် ရွက်သွားရန်၊ အယ်လ်နီညို ရာသီဥတုကြောင့် ဘောလုံးကွင်းအတွင်း စိုက်ပျိုးထားသည့် မြက်များ သေဆုံးမှုမရှိစေရေး ဂရုပြုထိန်းသိမ်းဆောင်ရွက်ရန်နှင့် ကစားသမားနာနေခန်းများ၊ ဘောလုံးကွင်း ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရှိရသည်။
