Skip to main content
x

လွိုင်ကော်မြို့တွင် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ်၊ (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 
    အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်က အဖွင့်အမှာစကားပြောကြားရာ၌ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်း များကို ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်လျက် ရှိကြောင်း၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ် ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ကျင့်ဝတ်၊ စွမ်းရည်နှင့် စည်းကမ်းပြည့်ဝသော ရဲတပ်ဖွဲ့ဝင် ကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို အစဉ်မြှင့်တင် ဆောင်ရွက်သွားကြရန်နှင့် ပြည်သူလူထု၏ အားကိုးယုံကြည်မှုရရှိအောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ 
    ဆက်လက်၍ ကယားပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဥက္ကာကိုက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ 
    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား အတွက် ဂုဏ်ပြုချီးမြှင့်ငွေအား ပေးအပ်ရာ ပြည်နယ်ရဲတပ်ဖွဲ့မှူးကလည်းကောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် မှုခင်းကျဆင်းရေးအတွက် စွမ်းစွမ်းတမံတာဝန် ထမ်းဆောင်ခဲ့သော တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေများအား ပေးအပ်ရာ တပ်ဖွဲ့ဝင်များနှင့်အုပ်ချုပ်ရေးမှူးတို့က အသီးသီး လက်ခံရယူခဲ့ကြသည်။
    ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် မှုခင်းကျဆင်းရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုမှတ်တမ်း နှင့် ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ခဲ့ကြသည်။ 
    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ် ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။ ဆက်လက်၍ အထိမ်းအမှတ်နေ့ ခင်းကျင်းပြသ ထားသော ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့သည်။
    မွန်းလွဲပိုင်းတွင် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သက်ကြီးဘိုးဘွားများ တက်ရောက်ကြသည်။
    ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် သက်ကြီးပုဂ္ဂိုလ်များကို ချန်လှပ်ထားခြင်းမရှိဘဲ သက်ကြီးရွယ်အိုများ၏ ဘ၀မြှင့်တင်ရန်၊ လိုအပ်သော ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်နှင့် သက်ကြီးရွယ်အိုများအတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိခံစားနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဘိုးအဘွားများ အနေနှင့်လည်း မိမိတို့ ဘဝတစ်လျှောက်လုံး ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံ ကောင်းများ၊ ဗဟုသုတများနှင့် အသိဉာဏ်ပညာများကို ငယ်ရွယ်သူမျိုးဆက်သစ်များထံသို့ ဆက်လက်လက်ဆင့်ကမ်းပေးခြင်းဖြင့် မိသားစုနှင့် လူ့အဖွဲ့အစည်းအတွက် အားကိုးအားထားပြုရ သည့် အဖိုးတန်ပုဂ္ဂိုလ်များအဖြစ် ဆက်လက်ပါဝင်ပေးကြရန်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြား သည်။
    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုခံဘိုးဘွားနှစ်ဦးအား ဂုဏ်ပြုချီးမြှင့်ငွေ နှင့် ဂါရဝလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ဂုဏ်ပြုခံ ဘိုးဘွားများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂါရဝလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကာ ဘိုးဘွားများ ကိုယ်စား သက်ကြီးအဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘိုးဘွားများအား ရင်းရင်းနှီးနှီး ဂါရဝပြုတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။