လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့ရွာများသန့်ရှင်းသာယာ လှပရေးနှင့် ပြည်သူများ သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင် ကောင်းများ ရရှိစေရန် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ ၊ သင်တန်းကျောင်းများ ၊ ဝန်ထမ်းအိမ်ရာများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ၊ ဝန်ဆောင်မှုများကို အဓိကဆောင်ရွက်ပေးနေသော လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ပရိဝုဏ်အတွင်း၌ ဌာနဆိုင်ရာများ ၊ လွိုင်ကော်တပ်နယ် ၊ မီးသတ်တပ်ဖွဲ့ ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက စုပေါင်း သန့်ရှင်းစေရေး ဆောင်ရွက်နေမှုများ ၊ လူနာဆောင်များနှင့် ဆေးရုံအတွင်း လိုအပ်သည့် ပစ္စည်းကိရိယာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုသည်များကို လမ်းညွှန်မှာကြားခဲ့ သည်။
ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ အပါအဝင် မြို့နယ်အသီးသီးတွင် မြို့များသန့်ရှင်း သာယာလှပစေရေး ၊ ခြင်အန္တရာယ်နှင့် အခြား ရောဂါများ ကင်းဝေးစေရေးအတွက် ဌာနဆိုင်ရာရုံးများ ၊ အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ပြည်သူများ ပါဝင်သော အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။