Skip to main content
x

ကယားပြည်နယ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အ ထည်ဖော်ရေးနှင့်ပတ်သက်၍ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး (၄/၂၀၂၃) နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အ ထည်ဖော်ရေးနှင့်ပတ်သက်၍ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး (၄/၂၀၂၃) နှင့်စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ထုတ်ကုန်လုပ်ငန်းများကို လျာထားသတ်မှတ်ချက်များ ကျော်လွန်အောင် အရှိန်အဟုန်ဖြင့် တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို မူဝါဒများ ၊ လမ်းညွှန်ချက်များနှင့်အညီ ချေးငွေအဆိုပြုချက်များအပေါ် စိစစ်၍ တောင်သူများ အားဆက်လက်ထုတ်ချေးနိုင်ရေး ၊ မိုးစပါးအပါအဝင် မိုးသီးနှံများ ၊ ဟင်းသီးဟင်းရွက်များကို သီးထပ်စနစ်ဖြင့် ဒေသအတွင်းပိုလျှံသည်အထိ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ၊ ပန်းတိုင်အထွက် နှုန်းထား ရရှိစေရေး ၊ တောင်သူများ၏ အကျိုးစီးပွားနှင့် ပြည်သူများ၏ စားရေရိက္ခာ လိုအပ်ချက်များကို ပံ့ပိုးနိုင်ရေးအတွက် စိုက်ပျိုး ၊ မွေးမြူရေးလုပ်ငန်းများ၏ အဓိက လိုအပ်ချက်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရေး ၊ စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လယ်ယာသုံးပစ္စည်းများအား တောင်သူများကို သက်သာသည့် နှုန်းထားဖြင့် ဖြန့်ဝေနိုင်ရေး ၊ တောင်သူများအား ပညာပေးလုပ်ငန်းများကို ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်ပေးပြီး လက်တွေ့ဆောင်ရွက်နေမှုများကို လေ့လာဆန်းစစ် ၍ သက်ဆိုင်ရာဌာနများကပေါင်းစပ် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာအသီးသီးက မိမိကဏ္ဍများအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများ ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို Power Point ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။