Skip to main content
x

ကယားပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေ ၊ အခြေခံစားသောက်ကုန်များ ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေ ၊ အခြေခံစားသောက်ကုန်များ ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ ခရိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ ၊ ရပ်ကွက်ကျေးရွာ အသီးသီးမှ ရပ်မိရပ်ဖများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြ သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးကို ဦးတည်ချက်ထား အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများ၏ လတ်တလော စားဝတ်နေရေးအတွက် လိုအပ်သည့် အခြေခံစားသောက်ကုန်များ ၊ ထောက်ပံ့ငွေများ ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များကို ထပ်မံဖြည့်ဆည်း ကူညီထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း ၊ ဒေသအတွင်းပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး ၊ မွေးမြူရေးကဏ္ဍ ၊ လူသားအရင်းအမြစ် ကောင်းများရရှိရေးအတွက် ပညာရေးကဏ္ဍများကို ဘက်ပေါင်းစုံမှ အားပေးဆောင်ရွက် ပေးလျက်ရှိ ကြောင်း ၊  ပြည်သူများ အနေဖြင့် မိမိတို့ဘဝရေရှည် ရပ်တည်နိုင်ရေးအတွက် မိမိတို့၏ မူလလုပ်ငန်းများ ကိုပြန်လည်လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၊ ပြည်နယ်တည်ငြိမ်အေးချမ်း လာစေရေး အတွက် ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်း ရမည်ဖြစ်ပြီး ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီးပါကြောင်း ပြောကြားသည်။

 

ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုးက ပြည်နယ်အတွင်း ပြန်လည်နေရာချထားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက  ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန် ၊ ဆီ ၊ ပဲ နှင့် အခြေခံစားသောက်ကုန်များ ၊  ထောက်ပံ့ငွေများ ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များကို ပေးအပ်ရာ သက်ဆိုင်ရာ ယာယီခိုလှုံရာစခန်း အသီးသီးမှ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသော ယာယီနေရပ်စွန့်ခွာပြည်သူများက လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ဆောင်ရွက် ပေးမည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး ယာယီနေရပ်စွန့်ခွာ ပြည်သူများ ကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြ သော ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပေးခဲ့မှု သည်ယနေ့ထိ ဆဋ္ဌမအကြိမ်ရှိခဲ့ပြီး ယနေ့အခမ်းအနားတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ကျောင်းဝတ်စုံ ၊ ကျောင်းသုံးဗလာစာအုပ်နှင့် အခြေခံစားသောက်ကုန်များ ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့ငွေများနှင့် ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာ စခန်းများရှိ ယာယီနေရပ်စွန့်ခွာပြည်သူ (၁၂၆၂၀)ဦးအတွက် အခြေခံ စားသောက်ကုန်များ ဖြစ်သော ဆန် ၊ ဆီ ၊ ဆားနှင့်ကုလားပဲများ  အပါအဝင် စုစုပေါင်း ထောက်ပံ့ငွေတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၁၁၁၉)သိန်း (၉)သောင်းကျော် ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။