Skip to main content
x

လွိုင်ကော်မြို့၌ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

ကယားပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ ၊ ကြက်ခြေနီတပ်ဖွဲ့ ၊ နည်းပြများနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ငလျင်ဘေး ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက် လုပ်ငန်းကော်မတီများ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ အဆောက်အဦများကို ငလျင်ဘေးဒဏ်ခံနိုင်စေသည့် တည်ဆောက်ရေး စံနှုန်းများအတိုင်း တည်ဆောက်ခြင်းနှင့် သဏ္ဍာန်တူဇတ်တိုက် လေ့ကျင့်ခြင်းများ ကြိုတင်စီမံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက သက်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် လူမှုရေးအသင်းအဖွဲ့များ ၊ ပြည်သူများနှင့် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)ကျောင်းရှိ စာသင်ဆောင်နှင့် အိပ်ဆောင်အတွင်း မီးသတ်တပ်ဖွဲ့ ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ၊ ကြက်ခြေနီတပ်ဖွဲ့ ၊ ဝန်ထမ်းများ ၊ နည်းပြများ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ၏ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇတ်တိုက် လေ့ကျင့်မှုများဖြစ်သည့် မြေငလျင်တစ်ခုလှုပ်ခတ်၍ သတိပေး ခရာသံမြည်ခြင်း ၊ ဘေးကင်းလုံခြုံအောင် နေရာယူခြင်း ၊ ဦးဆောင်သူ ခေါင်းဆောင်များက အသိပေးနှိုးဆော်ခြင်း ၊ အဆောက်အဦအတွင်းမှ ပြေးထွက်လာပြီး ဘေးလွတ်ကင်းသည့်နေရာသို့ ထွက်ခွာခြင်း ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ဘေးအန္တရာယ်ကျရောက်ရာ နေရာသို့ရောက်ရှိလာခြင်း ၊ အဆောက်အဦအတွင်း ပိတ်မိနေသူများအား ကယ်ထုတ်ခြင်း ၊  ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးသူနာပြုစုပေးခြင်းနှင့် ဆေးကုသပေးခြင်း ၊ ယာယီခိုလှုံရာ ကယ်ဆယ်ရေးစခန်းသို့ နေရာချထားပေးခြင်း ၊ စားစရာဝေငှခြင်း ၊ မီးမလောင်စေရန် အတွက်ရေမှုန်ရေမွှားဖြန်းခြင်းစသည့် ဇတ်တိုက်လေ့ကျင့် နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇတ်တိုက်လေ့ကျင့်မှုများ အပေါ်တွင် ဖြည့်စွက်ဆောင်ရွက်ရမည့် လုပ်ငန်းလိုအပ်ချက်များ ၊ ပြည်သူများကို ဆက်လက် အသိပညာပေး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပြန်လည်သုံးသပ်လမ်းညွှန်မှာကြားပြီး ဇာတ်တိုက် လေ့ကျင့်မှုများတွင် ပါဝင်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များ ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပါဝင်ကူညီ ဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။