Skip to main content
x

ကယားပြည်နယ်အတွင်း ယာယီတိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်အတွင်း ယာယီတိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ယာယီတိုက်ပွဲရှောင်ပြည်သူများ နေ့စဉ်ပြန်လည်ဝင်ရောက် နေထိုင်လျက်ရှိရာ ပြည်သူများ၏ လုံခြုံရေး ၊ လတ်တလောကာလ စားဝတ်နေရေး အဆင်ပြေစေနိုင်ရေး  ၊ ပျက်စီးသွားသော နေအိမ်အဆောက်အဦများ ပြန်လည်ပြုပြင်ပေးရေး ၊ တောင်သူများ စိုက်ပျိုးရေးကာလအမီ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး ၊ မိုးစပါးနှင့် မိုးနေကြာ မျိုးစေ့များနှင့် ဓါတ်မြေဩဇာများ အချိန်မီဖြန့်ဝေပေးနိုင်ရေး ၊ သတ်မှတ်ကာလတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံနိုင်ရေး ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိနိုင်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့ ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များ ၊  ဌာနဆိုင်ရာများ နှင့် ပြည်သူများ ပူးပေါင်းညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ၊ တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်က ပြည်နယ်၏ လုံခြုံရေးကိစ္စရပ်များ ၊ ပြည်လည်နေရာချထားရေးကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာချုပ် (လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူးတို့က နေရပ်ပြန်ယာယီတိုက်ပွဲရှောင်ပြည်သူများအတွက် ဆောင်ရွက်ပေးထားသည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီးက ပြည်သူများ မိမိနေရပ်တွင်ပြန်လည်နေထိုင်ရာတွင် စိုက်ပျိုးရာသီကာလအမီ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ဌာနအလိုက် ကဏ္ဍအသီးသီးတွင် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသော ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများပြန်လည်ဝင်ရောက် မည့်အခြေအနေများ ၊ လိုအပ်ချက်များကို တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။