Skip to main content
x

၂၀၂၁ခုနှစ် ၊ စာအောင်ဆုနှင်းသဘင်ပွဲ မဟာမင်္ဂလာအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသည့် စာအောင်ဆုနှင်းသဘင်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မဟာမင်္ဂလာအခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ၊ လွိုင်ကော်မြို့၊ ကျောင်းထိုင် ဘုန်းတော်ကြီး သင်တန်းကျောင်း ၊ ဆရာတော် ဘဒ္ဒန္တပညာစက္က (မဟာဂန္တဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။
ထို့နောက် ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ် တရားတော်ကို နာယူကြည်ညိုကြပြီး ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ယင်းနောက် အစိုးရဓမ္မာစရိယစာမေးပွဲတွင် ကျမ်းရင်းသုံးကျမ်းကို ဖြေဆိုအောင်မြင်တော်မူခဲ့သည့် ရဟန်းတော်(၁၁)ပါး ၊ သာသနာ့နွယ်ဝင်သီလရှင်(၁)ပါးတို့အား “သာသနာဓဇဓမ္မာစရိယ” ဘွဲ့တံဆိပ်တော်များ၊ စာအောင်ဆုများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ကိုလည်းကောင်း ၊ နှစ်ကျမ်းအောင်(၇)ပါးနှင့် တစ်ကျမ်းအောင်(၅)ပါးတို့အား စာအောင်ဆုအလှူတော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ကိုလည်းကောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပြီး ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ၊ လွိုင်ကော်မြို့၊ ကျောင်းထိုင် ဘုန်းတော်ကြီးသင်တန်းကျောင်းထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့သည်။
၎င်းနောက် ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိသတ်များက “ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ မဟာမင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)မှ ဒေသ ကွပ်ကဲရေးမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် ဥပဒေချုပ်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။