Skip to main content
x

မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့် အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး “ပန်းခင်း” စီမံချက် ရှင်းလင်းခြင်းအခမ်းအနားပြုလုပ်

မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး“ပန်းခင်း” စီမံချက်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀၀၀)နာရီအချိန်က ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
    ရှေးဦးစွာ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးခင်မောင်ဦးက “ပန်းခင်း” စီမံချက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် ပါရှိသည့် “အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့်” လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံချက်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပြည်သူများ၏ မူလအခွင့်အရေးများဖြစ်သော ဆန္ဒမဲပေးပိုင်ခွင့် ရရှိစေရန်အတွက် နိုင်ငံသားစိစစ်ရေးကတ် မရရှိကြသေးသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ ပေးရာတွင် ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝစွာဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်း လက်ရှိနေထိုင်သည့် ဒေသခံ ပြည်သူများသာမကဘဲ ရွှေ့ပြောင်းနေထိုင်လျက်ရှိသော ပြည်သူများအတွက်လည်း နိုင်ငံသား သတ်မှတ်ချက်နှင့် ကိုက်ညီပါက နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကော်မတီများ စနစ်တကျ ဖွဲ့စည်းပြီး ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ ကော်မတီများအနေဖြင့် နိုင်ငံသားမှန်ကန်မှု ရှိ/မရှိကို စိစစ်ပြီးပါက မှန်ကန်မှုရှိပါက နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် ပြည်သူများ ဒီမိုကရေစီ လမ်းကြောင်းကို စည်းကမ်းနှင့်အညီ သွားနိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက သက်ဆိုင်ရာ ဌာနများနှင့်ကော်မတီများ ကို အားပေးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာ စကား တွင် ပြောကြားခဲ့သည်။
    ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာပြည်နယ်ဦးစီးမှူး ဦးစန်းဝေက “ပန်းခင်း” စီမံချက်နှင့်ပတ်သက်၍ စီမံချက် ဆောင်ရွက်ရသည့် ရည်မှန်းချက်၊ ကယားပြည်နယ်အတွင်း မြို့နယ်အလိုက် မှတ်ပုံတင် ထုတ်ပေးရမည့် လူဦးရေစာရင်း၊ ဌာန၏ဝန်ထမ်းအင်အား ၊ စီမံခန့်ခွဲမှုနှင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းများအခြေအနေ သတ်မှတ်ကာလအတွင်း ပြီးစီးရေးဆောင်ရွက်မည့် အခြေအနေ ၊ လုပ်ငန်းသုံးအတွက် လိုအပ်မည့် လုပ်ငန်းသုံးပုံစံများ တွက်ချက်ထုတ်ပေးရမည့် အခြေအနေနှင့် ကုန်ကျစရိတ်များ နိုင်ငံတော်နှင့် ပြည်နယ်ကောင်စီက ပံ့ပိုးပေးရမည့် အခြေအနေများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များအား ဆွေးနွေးပြောကြားကြသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက “ပန်းခင်း” စီမံချက်သည် ပြည်သူများ၏ နိုင်ငံသားရပိုင်ခွင့် အခွင့်အရေးတစ်ရပ်ကို ဖြည့်ဆည်းပေးသည့် နိုင်ငံတော် နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းဖြစ်သည့်အတွက် သတ်မှတ်ကာလအတွင်း  စီမံချက်အောင်မြင်စေရေး အတွက် သက်ဆိုင်ရာကော်မတီဝင်များနှင့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌနှင့် အဖွဲ့ဝင်များ ခရိုင်နှင့်မြို့နယ်အဆင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ခရိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြောင်း သိရှိရသည်။