Skip to main content
x

ကယားပြည်နယ်၌ ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကော်စီ၏ ဦးဆောင်မှုဖြင့် ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ယနေ့ မွန်းလွှဲ  ၁  နာရီက ပြည်နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ(သုံးကြိမ်)ရွတ်ဆို ဘုရားကန်တော့၍ မဟာမင်္ဂလာအခမ်းအနားကို ဖွင့်လှစ်ပြီး ထူးမခြားနား(ဘွဲ့သီချင်းခံ)သုံးပိုဒ် ဖွင့်၍ပူဇော်သည်။ ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိသတ်များက ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ သာသနာ့ရောင်ခြည်ကျောင်းဆရာတော်က “သမ္မောဒနီယဩဝါဒကထာ” ကို မြွက်ကြားချီးမြှင့်တော်မူသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက သာသနာရေးဆိုင်ရာများ ကို လျှောက်ထားပြီး မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်(၁)ပါး၊ ဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်(၁)ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်(၁)ပါး၊ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်(၃)ပါးနှင့် သဒ္ဓမ္မဇောတိက ဓဇ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး(၁)ပါးတို့အား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်ပစ္စည်းများနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံမှ အနုမောဒနာတရားနာကြားပြီး ကုသိုလ်ကောင်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ  “ဗုဒ္ဓဿသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ မဟာမင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)မှ ဒေသ ကွပ်ကဲရေးမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် ဥပဒေချုပ်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။