Skip to main content
x

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပြည်နယ်/ခရိုင်/မြို့နယ်/မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများရှိ ရုံးတက်ဝန်ထမ်းများအား ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏အစီအစဉ်ဖြင့် ကယားပြည်နယ် အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်/မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများတွင် ရုံးတက် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက လက်ရှိ ကာလတွင် နိုင်ငံတစ်ဝှမ်းဖြစ်ပေါ်နေသော အခြေအနေများအရ နိုင်ငံ့ဝန်ထမ်းများအား CDM( Civil Disobedience Movement)တွင်ပါဝင်ရေး ပြည်ပမှနည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်း အချို့မှာ ၎င်းတို့၏ ပင်ကိုယ်ဆန္ဒအရလည်းကောင်း၊ ခြိမ်းခြောက်ခံရခြင်း သွေးဆောင်ခံရခြင်းကြောင့် လည်းကောင်း ရုံးမတက်နိုင်ကြဘဲ ဌာနနှင့်ကင်းကွာလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အချို့ဝန်ထမ်း များမှာ ရုံးလုပ်ငန်းများဆောင်ရွက်လိုကြပြီး အမျိုးမျိုးသောဟန့်တားမှုများကြောင့် ရုံးတက်ရောက်ရေး အခက်အခဲများရှိနေကြသော်လည်း ရုံးတက်ရောက်ပြီး လုပ်ငန်းများဆောင်ရွက်နေကြသည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရသဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုကဲ့သို့ အမျိုးမျိုးသော အခက်အခဲကြားမှ လုပ်ငန်းတာဝန်များ ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်းများအား တတ်အား သရွေ့ကူညီ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ဝန်ထမ်းများအနေဖြင့်လည်း တစ်စုံတစ်ရာ စိုးရွံ့ရန်မလိုဘဲ လုပ်ငန်းတာဝန်များ ဆက်လက်ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အခက်အခဲများကြားမှ ရုံးတက်တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်နယ်/ခရိုင်/မြို့နယ်/မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများအတွက် ဆန်နှင့်ဆီကိုထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
    အဆိုပါအခမ်းအနားသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် များ၊ ပြည်နယ်/ခရိုင်/မြို့နယ်/မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းနှင့် ဝန်ထမ်းတစ်ဦးလျှင် ဆန်(၆)ပြည်၊ ဆီ(၁)ပိဿာ နှုန်းဖြင့် ဝန်ထမ်း(၅၇၄)ဦးအတွက် ဆန်(၁၄၄)အိတ်၊ ဆီ(၅၇၄)ပိဿာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။