ရှားတောမြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ

အခန်း(၁)

နိဒါန်းနှင့်ဒေသသမိုင်း

နိဒါန်း

၁။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိဌာနတစ်ခုဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး နှင့်ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်များကိုအောင်မြင် အောင်ဆောင်ရွက်လျက်ရှိပါသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် အဆင့်ဆင့်သော အရာထမ်း၊ အမှုထမ်းများသည် ရုံးချုပ်အဆင့်မှ အောက်ခြေရပ်ကွက်/ကျေးရွာအုပ်စုအဆင့်အထိ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်ကြရပြီး နိုင်ငံတော် အုပ်ချုပ်ရေးယန္တရား ချောမွေ့စွာလည်ပတ်ရေးတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာန၏ရည်မှန်းချက်တာဝန်များ၊အခြားဝန်ကြီးဌာနမှပေးအပ်သောတာဝန်များနှင့်ဒေသဆိုင်ရာအစိုးရအဖွဲ့များမှပေးအပ်သောလုပ်ငန်းတာဝန်များကိုကျေပွန်စွာ ထမ်းဆောင်နေကြရသည်ဖြစ်ရာ ဒေသဆိုင်ရာ အချက် အလက်များပြုစုထားရှိခြင်းသည်များစွာအရေးပါလာပါသည်။ ဒေသဆိုင် ရာအချက်အလက်များပြုစုခြင်းဖြင့် မိမိတို့၏လုပ်ငန်း ဆောင်ရွက်ရာတွင် အထောက်အကူပြုသကဲ့သို့ အကြီးအကဲများ နယ်မြေသို့ကွင်းဆင်းရာတွင် နယ်မြေ၏ အချက်အလက်များကို လွယ်ကူစွာသိရှိနိုင်မည်ဖြစ်ပါသည်။ ဤစာအုပ်သည်ရှားတောမြို့၏ဒေသဆိုင်ရာအချက်အလက်များ(၂၀၁၈ခုနှစ်၊စက်တင်ဘာလကုန်ထိအခြေအနေ)ကို သက်ဆိုင်ရာဌာန အသီးသီးမှ ပေးပို့သောကိန်းဂဏန်းများနှင့်အညီပြုစုတင်ပြထားခြင်းဖြစ်ပါသည်။


ဒေသသမိုင်းအကျဉ်း

၂။ ရှားတောဒေသသည် တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သည့် ကုန်းဘောင်မင်းဆက်အလောင်းမင်းတရားကြီးဦးအောင်ဇေယျ အယုဒ္ဓယျသို့ စစ်ချီလာသည့်အခါစစ်လမ်းကြောင်းပေါ်ရှိ စခန်းတစ်ထောက်နားရာ ဒေသတစ်ခုဖြစ် ခဲ့သည်ဟုဆိုသည်။ သမိုင်းအထောက်အထားအနေဖြင့် အလယ်ပိုင်းရပ်ကွက်တွင် အလောင်းမင်းတရားကြီးမှ စစ်အောင်နိုင်ရန် ရည်ရွယ်ဆုတောင်းပြီး တည်ထားခဲ့ သည့်ဆုတောင်းပြည့်စေတီ တစ်ဆူရှိ ပါသည်။ အင်္ဂလိပ်အုပ်စိုးစဉ်ကာလ ၁၈၉၀ ခုနှစ်ခန့်တွင် လူဦးရေ နှစ်ထောင်ခန့်နေထိုင်ခဲ့ပြီး ရှမ်းကုန်သည်များဖြစ်ကြောင်း ထိုစဉ်က ဘုန်းတော်ကြီးကျောင်း (၅)ကျောင်းရှိပြီး ရှေးယခင်ကတည်းက ဗုဒ္ဓ ဘာသာထွန်းကားခဲ့သော နေရာတစ်ခုဖြစ်ကြောင်း၊ အများစုမှာ ကရင်နီ ခေါ် ကယားလူမျိုးများဖြစ်ကြောင်းလေ့လာသိရှိရပါသည်။ ရှားတောမြို့ နယ်ကို ပြည်ထဲရေးနှင့်သာသနာရေး၀န်ကြီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ (၂၂.၇.၁၉၇၂)ရက်စွဲပါ စာအမှတ်၊ ၁၀၅ / ၇ / စိပ် ၁ ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မြောက်ပိုင်းအုပ်စု၊ တောင်ပိုင်းအုပ်စု၊ အလယ်ပိုင်းအုပ်စု၊ သံလွင်အရှေ့ခြမ်းအုပ်စု စသည့်အုပ်စု(၄)စုဖြင့် လည်း ကောင်း၊ (၁၅.၇.၁၉၇၂)ရက်စွဲပါစာအမှတ်၊ ၁၀၃ / ၅၂ / စိပ်၁ဖြင့် မေရိယာ ရပ်ကွက်၊ စျေးပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက် စသည့်ရပ်ကွက်(၄)ခုတို့ဖြင့် မြို့အဖြစ်သတ်မှတ်ပေးခဲ့ပါသည်။ ပြည်ထဲရေး ၀န်ကြီးဌာန၏ (၇.၆.၂၀၁၀)ရက်စွဲပါစာအမှတ်၊ ၂၀၀/ ၂၃−၁၉ / ဦး၁ ဖြင့် ရှားတောမြို့နယ်ကို အောင်ချမ်းသာရပ်ကွက် ၊ စျေးပိုင်းရပ်ကွက် ၊ အလယ်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းကျေးရွာအုပ်စု၊ အလယ်ပိုင်းကျေးရွာအုပ်စု၊ တောင်ပိုင်းကျေးရွာအုပ်စုတို့ဖြင့် ရပ်ကွက်(၄) ခု၊ကျေးရွာအုပ်စု(၃)ခု၊ ကျေးရွာ(၂၀)ရွာတို့ဖြင့် ပြောင်းလဲသတ်မှတ်ပေးခဲ့ ပါသည်။

အခန်း(၂)

ပထဝီဝင်အနေအထား


တည်နေရာနှင့်အကျယ်အဝန်း

၃။ ရှားတောမြို့နယ်သည် ‌မြောက်လတ္တီတွဒ်၁၉ဒီကရီ၁၀မိနစ်နှင့်၁၉ ဒီကရီ ၃၅မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ဒီကရီ ၂၇မိနစ်နှင့် ၉၇ဒီကရီ ၅၁မိနစ်အကြား တွင်တည်ရှိပါသည်။ အရှေ့မှအနောက်သို့ ၃၅ မိုင်နှင့်တောင်မှ မြောက်သို့ ၅၀မိုင် ရှည်လျားပါသည်။ ရှားတောမြို့နယ် နှင့် မြို့တို့၏ ဧရိယာစတုရန်းမိုင်မှာ အောက် ပါအတိုင်းဖြစ်ပါသည်-

စဉ် မြို့နယ် စတုရန်းမိုင် မြို့ စတုရန်းမိုင်
ရှားတော ၈၃၄.၁၉ ရှားတော ၀.၂၇
မြို့နယ်ချုပ်   ၈၃၄.၁၉   ၀.၂၇


နယ်နိမိတ်

၄။ ရှားတောမြို့နယ်၏မြောက်ဘက်တွင် ရှမ်းပြည်နယ် (မောက်မယ် မြို့)၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ တောင်ဘက်တွင် မယ်စဲ့မြို့နယ်၊ အနောက်ဘက်တွင် ဘောလခဲမြို့နယ်၊ လွိုင်ကော်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။


မြေမျက်နှာသွင်ပြင်

၅။ ရှားတောမြို့နယ်သည် တောင်များပတ်လည်၀န်းရံလျက် ဒယ်အိုး ပုံသဏ္ဍာန် အနိမ့်ပိုင်းတွင်တည်ရှိပြီး တောင်တန်းများမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိပါသည်။ အရှေ့ဘက်ခြမ်းတွင်သံလွင်မြစ် စီးဆင်းလျက် ရှိပါသည်။ မြို့နယ်အကျယ် အ၀န်း၏ ငါးပုံသုံးပုံခန့်သည် သံလွင်မြစ်၏ အရှေ့ဘက်ခြမ်းတွင်တည်ရှိပါသည်။


ရေဆင်း

၆။ ရှားတောမြို့နယ်သည် မြစ်ချောင်းများ ပေါများသည့်ဒေသတစ်ခု ဖြစ်ပါသည်။ ထင်ရှားသောမြစ်ချောင်းများမှာပွန်ချောင်း၊ ဖဲဖုလာလဲချောင်း၊ နမ့်မဝမ် ချောင်း၊ သံလွင်မြစ်တို့ဖြစ်ပါသည်။ ၎င်းမြစ်ချောင်းများမှရေကို စိုက်ပျိုးရေ၊ သောက်သုံးရေစသည်ဖြင့် အသုံးပြုပါသည်။ သံလွင်မြစ်မှာ ရာသီမရွေးစက်လှေများ သွားလာနိုင်ပါသည်။


ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

၇။ ရှားတောမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၉၃၆) ပေအထက်တွင်တည်ရှိပါသည်။

 

၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သတင်းအချက်အလက်အပြည့်အစုံ ဖတ်ရှု့ရန်

၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်