ဖရူဆိုမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

အခန်း(၁)

နိဒါန်းနှင့်ဒေသသမိုင်း


နိဒါန်း

၁။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန လက်အောက်သို့(၂၈ . ၁၂ .၂၀၁၈) ရက်နေ့တွင်ပြောင်းရွှေ့ ခဲ့ပြီးနောက် ဌာန၏ အသစ်ပြန်လည်ပြဌာန်းထားရှိသည့် ရပ်ရွာအေးချမ်း သာယာရေး၊ နိုင်ငံတော်အစိုးရ၏ မူဝါဒများ အကောင်အထည်ဖော်ရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေးနှင့် ပြည်သူ့ဗဟိုပြု ဒေသဖွံ့ဖြိုးလုပ်ငန်းများ ဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန် များကိုအောင်မြင်အောင်ဆောင်ရွက်လျှက်ရှိပါသည်။ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတွင်တာဝန်ထမ်းဆောင်ကြသည့်အဆင့်ဆင့်သောအရာထမ်း၊ အမှုထမ်းများသည် ရုံးချုပ်အဆင့်မှ အောက်ခြေရပ်ကွက်/ ကျေးရွာအုပ်စု အဆင့်အထိ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အသီးသီးတွင် တာဝန် ထမ်းဆောင်ကြရပြီးနိုင်ငံတော်အုပ်ချုပ်ရေးယန္တရားချောမွေ့စွာ လည်ပတ် ရေးတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ၊ အခြားဝန်ကြီးဌာနမှပေးအပ်သော လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြရသည်ဖြစ်ရာ ဒေသဆိုင်ရာအချက်အလက်များ ပြုစု ထားရှိခြင်းသည်များစွာ အရေးပါလာပါသည်။ ဒေသဆိုင်ရာအချက် အလက်များ ပြုစုခြင်းဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူပြုသကဲ့သို အကြီးအကဲများ နယ်မြေသို့ကွင်းဆင်းရာတွင် နယ်မြေ၏ အချက်အလက်များကို လွယ်ကူစွာ သိရှိနိုင်မည် ဖြစ်ပါသည်။ ဤစာအုပ်သည် ဖရူဆိုမြို့နယ်၏ ဒေသဆိုင်ရာ အချက် အလက်များ (၂၀၁၈ခုနှစ် အောက်တိုဘာလ မှ ၂၀၁၉ခုနှစ် စက်တင်ဘာလထိ အခြေ အနေ)ကိုသက်ဆိုင်ရာဌာန အသီးသီးမှပေးပို့သော ကိန်းဂဏန်းများနှင့် အညီ ပြုစုတင်ပြထားခြင်းဖြစ်ပါသည်။


ဒေသ သမိုင်းအကျဉ်း

၂။ ဖရူဆိုမြို့နယ် အမည်ခေါ်တွင်ခြင်းမရှိမီက “ကြယ်ဖိုးကြီး” နယ် အဖြစ် နှစ်ပေါင်းကြာမြင့်စွာတည်ရှိခဲ့ပါသည်။ ကယားဘာသာစကား အရ“ကေးလျား” မြန်မာဘာသာစကားအရ“ကျယ်ဝန်းသောနယ်မြေ”ဟု အဓိပ္ပါယ်သက်ရောက်ပါသည်။ ကေးလျား ကြယ်ဖိုးကြီးနယ်သည်သာမန် တောင်သူလယ်သမားများမှ ပေါက်ဖွားလာသည့် ရှားရယ် (ခ) ကေးဖိုး ဒူမင်း(ကေးဖိုးဒူစော်ဘွား)လက်ထက်မှစ၍ မင်းအဆက်ဆက် စော်ဘွား များ အာဏာစွန့်လွှတ်သည့် (၁၉၅၆-၆၀) ခုနှစ်အထိထင်ရှားသော မြို့နယ်တစ်မြို့နယ် ဖြစ်ခဲ့ပါသည်။ ၁၉၆၂ခု တော်လှန်ရေးကောင်စီတက် လာပြီးနောက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အုပ်ချုပ်ရေး ရုံးစိုက်ရာဒေသကို ကေးလျား “ကြယ်ဖိုးကြီး”ရွာမှ ဖရူဆို(ခ)ညောင်ဇင် ရွာ (ယခုဖရူဆိုမြို့)သို့ ပြောင်းရွေ့ခဲ့ပါသည်။ ဖရူဆိုခေါ်တွင်ခြင်းမှာ မြို့၏ အနောက် တောင်ဘက်တွင် ဂူပေါက်ရှိသော တောင်နှင့်တောင်ကမ်းပါးကို  အမှီသဟဲပြု၍ ခေါ်တွင်ခြင်းဖြစ်ပါသည်။ ကယားဘာသာစကား ဖြစ်ပြီး အဓိပ္ပါယ်မှာ (ပရို-တန်ခိုးအာနုဘော်ဖော်ပြနိုင်သူ၊ဆို-တောင်)တန်ခိုးတော် တောင်မြို့ဟု မြန်မာလို အဓိပ္ပါယ်ရပါသည်။ တော်လှန်ရေး ကောင်စီ မတက်မီအထိ တိုက်နယ်(၆)နယ် (ဖရူဆို မြို့မ၊ မိုဆို၊ တော်ခူ၊ ဟိုယာ၊ ဝေဝါ၊ ကေကော)ဖြင့်  အုပ်ချုပ်လာပြီး ၁၉၆၂ခု  ပြောင်းလဲလာ သည်မှ စ၍ ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာ အုပ်စု(၁၄)အုပ်စု၊ ကျေးရွာ (၁၁၅)ရွာခွဲ၍ အုပ်ချုပ်လာခဲ့ပါသည်။ ယခုတွင် ပြည်ထဲရေးဝန်ကြီး ဌာန၏ (၁၇-၃-၂၀၁၆)ရက်စွဲပါ အမိန့်ကြေငြာစာအမှတ် (၈၀၁/၂၀၁၆) အရ ဒိုမာခို ကျေးရွာအား ပယ်ဖျက်ပြီးဖြစ်ပါ၍ (၁၁၄) ရွာ သာကျန် ရှိပါသည်။

အခန်း(၂)

ပထဝီဝင် အနေအထား


တည်နေရာနှင့် အကျယ်အဝန်း

၃။ ဖရူဆိုမြို့နယ်သည် မြောက်လတ္တီတွဒ်၁၉ ဒီဂရီ ၁၇မိနစ်နှင့် ၁၉ ဒီဂရီ ၅၈မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၀ မိနစ်နှင့် ၉၆ ဒီဂရီ ၇၃မိနစ် အကြားတွင် တည်ရှိပါသည်။အရှေ့မှအနောက်သို့ (၆၄)မိုင်နှင့်  တောင်မှ မြောက်သို့ (၇၈)မိုင် ရှည်လျားပါသည်။ ဧရိယာ စတုရန်းမိုင် မှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

စဉ် မြို့အမည် မြို့ဧရိယာ စတုရန်းမိုင် ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင် မြို့နယ်ဧရိယာ စတုရန်းမိုင်
ဖရူဆို ၀.၉၀ ၆၄၂.၀၁ ၆၄၂.၉၁


နယ်နိမိတ်

၄။ ဖရူဆိုမြို့နယ်၏အရှေ့ဘက်တွင် ဒီးမော့ဆိုမြို့နယ် ၊ ဘောလခဲ မြို့နယ်၊ တောင်ဘက်တွင်ဖာဆောင်းမြို့နယ်၊ အနောက်ဘက်တွင် ကရင် ပြည်နယ်၊ သံတောင်မြို့နယ်နှင့် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မြောက် ဘက်တွင် ဒီးမော့ဆိုမြို့နယ်တို့နှင့်  နယ်နိမိတ်ထိစပ် လျက်ရှိပါသည်။


မြေမျက်နှာသွင်ပြင်

၅။ ဖရူဆိုမြို့နယ်သည် တောတောင်ထူထပ်ပြီး ပင်လယ်ရေ မျက်နှာ ပြင်အထက် (ပေ ၂၉၀၀ မှ ၆၀၀၀)ထိမြင့်မားသော တောင်ကုန်းပေါ်တွင် တည်ရှိပါသည်။ ထင်ရှားသော တောင်များမှာ ခေါသမောတောင်  (၆၆၈၃) ပေ ဖြစ်ပါသည်။


ရေဆင်း

၆။ ဖရူဆိုမြို့နယ်တွင် မြစ်ချောင်းများနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများသည် မြောက်မှ တောင်သို့စီးဆင်းလျက်ရှိပါသည်။ ထင်ရှား သောချောင်းမှာ ထူးချောင်းဖြစ်ပြီး ဟိုယာကျေးရွာအုပ်စုနှင့် သိုသီးဖိုကျေးရွာ အုပ်စုအနီးမှဖြတ်၍ ဘောလခဲမြို့နယ်ရှိ ပွန်ချောင်းသို့ စီးဆင်းပါသည်။


ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

၇။ ဖရူဆိုမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ အမြင့် (၂၉၈၂)ပေ အထက်တွင် တည်ရှိပါသည်။

 

၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်

၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်

၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ သတင်းအချက်အလက်များ အပြည့်အစုံဖတ်ရှု့ရန်