ဒီးမော့ဆိုမြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ

အပိုင်း(၂)

၂၀၁၈ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလအထိ ဒီးမော့ဆိုမြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ

အခန်း(၁)

နိဒါန်းနှင့်ဒေသသမိုင်း


နိဒါန်း

၁။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန လက်အောက်ရှိ ဌာနတစ်ခုဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်လျှက်ရှိပါသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်ကြသည့် အဆင့်ဆင့်သောအရာထမ်း၊ အမှုထမ်းများသည် ရုံးချုပ်အဆင့်မှ အောက်ခြေ ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အသီးသီးတွင် တာဝန်ထမ်းဆောင်ကြ ရပြီး နိုင်ငံတော်အုပ်ချုပ်ရေးကဏ္ဍ ချောမွေ့စွာလည်ပတ်ရေးတွင် ပါဝင် ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ၊ အခြားဝန်ကြီး ဌာနမှပေးအပ်သော တာဝန်များနှင့် ဒေသဆိုင်ရာအစိုးရအဖွဲ့များမှပေးအပ် သော လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြရသည်ဖြစ်ရာ ဒေသဆိုင်ရာ အချက်အလက်များ ပြုစုထားရှိခြင်းသည်များစွာ အရေးပါ လာပါသည်။ ဒေသဆိုင်ရာ အချက်အလက်များ ပြုစုခြင်းဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူပြုသကဲ့သို့ အကြီးအကဲများ နယ်မြေသို့ ကွင်းဆင်းရာတွင် နယ်မြေ၏ အချက်အလက်များကို လွယ်ကူစွာ သိရှိနိုင်မည်ဖြစ်ပါသည်။ ဤစာအုပ်သည် ဒီးမော့ဆိုမြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များ (၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလအထိအခြေအနေ)ကို သက်ဆိုင်ရာဌာန အသီးသီးမှပေးပို့ သော ကိန်းဂဏန်းများ နှင့်အညီ ပြုစုတင်ပြထားခြင်း ဖြစ်ပါသည်။


ဒေသသမိုင်းအကျဉ်း

၂။ ဒီးမော့ဆိုမြို့နယ်သည် ၁၉၆၂ခုနှစ်၊ဒီဇင်ဘာလတွင် ဒီးမော့ဆို မြို့နယ်ဟု စတင်ခေါ်ဆိုခဲ့ပါသည်။ ၁၉၅၂ခုနှစ်မတိုင်မီ နောင်ပုလဲလမ်း ဟုခေါ်ဆို၍ လူနေအိမ်မရှိသေးပါ။ ၁၉၅၂ခုနှစ် နောက်ပိုင်းတွင် ကယား ပြည်နယ်၊ခရိုင်ဝန်ကြီးဦးအေမြလေးသည်ဒီးမော့ဆိုမြို့နေရာတွင် တိရစ္ဆာန် မွေးမြူရေး လုပ်ငန်းများလုပ်ကိုင်ရင်းအိမ်တစ်ဆောင်နှင့်မွေးမြူရေးခြံများ ဆောက်လုပ်ခဲ့ပါသည်။ ၁၉၅၄ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့တွင် (၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ပြီး ၁၉၅၅ခုနှစ်၊ ဧပြီလ(၂၆)ရက်နေ့တွင် ပြန်ရောက်ပြီး နောက်ပိုင်း လေးအိမ်စုခြံဟုအမည်ပေးကာ ဒီးမော့ဆိုပန်းခြံရိပ်သာနှင့် အခြားအိမ်ငယ် ကလေးဆောက်လုပ်ခဲ့ပါသည်။ဒီးမော့ဆိုမြို့နယ်သည် ပြည်ထဲရေးဝန်ကြီး ဌာန၏ (၂၇.၇.၁၉၇၂)ရက်စွဲပါအမိန့်စာ အမှတ် ၁၀၃/ ၅၀ /စိတ် (၁) ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

အခန်း(၂)

ပထဝီဝင် အနေအထား


တည်နေရာအကျယ်အဝန်း

၃။ ဒီးမော့ဆိုမြို့နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ဘက်ပိုင်းတွင်ရှိ၍ ကယား ပြည်နယ် လွိုင်ကော်ခရိုင်တွင် တည်ရှိပါသည်။ ဒီးမော့ဆို မြို့နယ်သည် ‌မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၅မိနစ်နှင့် ၁၉ ဒီဂရီ ၄၅မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၁၅မိနစ် နှင့် ၉၇ဒီဂရီ ၂၅မိနစ်အကြားတွင်တည်ရှိပါသည်။ အရှေ့မှ အနောက်သို့ (၃၁)မိုင်နှင့် တောင်မှမြောက်သို့(၃၅)မိုင်ရှည်လျားပါသည်။ ဒီးမော့ဆို မြို့နယ်နှင့် မြို့တို့၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် မြို့နယ် စတုရန်းမိုင် မြို့ စတုရန်းမိုင်
ဒီးမော့ဆိုမြို့နယ် ၄၅၉.၆၉ ဒီးမော့ဆိုမြို့ ၀.၉၇၆


နယ်နိမိတ်

၄။ ဒီးမော့ဆိုမြို့နယ်၏အရှေ့ဘက်တွင်လွိုင်ကော်မြို့နယ်နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ရှမ်းပြည်နယ်ရှိ ဖယ်ခုံမြို့နယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် လွိုင်ကော်မြို့နယ်နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။


မြေမျက်နှာသွင်ပြင်

၅။ ဒီးမော့ဆိုမြို့နယ်သည် တောင်ကုန်းတောင်တန်းပေါများပြီး သစ်တောများ ဖုံးလွှမ်းလျက်ရှိပါသည်။


ရေဆင်း

၆။ ဒီးမော့ဆိုမြို့နယ်သည် မြစ်ချောင်းများ ပေါများသည့် ဒေသတစ်ခု ဖြစ်ပြီး နန်းစံဖူးချောင်းသည် အနောက်မှတောင်သို့၊ နန်းမယ်ခုံချောင်း သည် အနောက်မှ အရှေ့သို့၊ ငွေတောင်ချောင်းသည်အနောက်မှမြောက်သို့၊ ဆင်တောင်ချောင်းသည် အနောက်မှအရှေ့သို့ စီးဆင်းလျက်ရှိပါသည်။


ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

၇။ ဒီးမော့ဆိုမြို့နယ်သည်ပင်လယ်ရေမျက်နှာပြင်အထက်ပျှမ်းမျှ အမြင့် (၂၉၈၂)ပေအထက်တွင် တည်ရှိပါသည်။

 

၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်

၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်

၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ သတင်းအချက်အလက်များ အပြည့်အစုံဖတ်ရှု့ရန်