လွိုင်ကော်မြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

အခန်း(၁)

နိဒါန်းနှင့်ဒေသသမိုင်း

နိဒါန်း

၁။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်ရှိ ဌာနတစ်ခုဖြစ်ပြီး တရားဥပဒေ စိုးမိုးရေး ၊ရပ်ရွာ အေးချမ်းသာယာရေး၊ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး ဟူသောရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်လျှက် ရှိပါသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်တာဝန်ထမ်းဆောင်ကြသည့် အဆင့်ဆင့်သောအရာထမ်း၊ အမှုထမ်းများသည်ရုံးချုပ်အဆင့်မှအောက်ခြေ ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အသီးသီးတွင် တာဝန်ထမ်းဆောင်ကြရပြီး နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရား ချောမွေ့စွာလည်ပတ်ရေးတွင်ပါဝင်ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာန၏ရည်မှန်း ချက်တာဝန်များ၊ အခြားဝန်ကြီးဌာနမှပေးအပ်သော တာဝန်များနှင့် ဒေသ ဆိုင်ရာအစိုးရအဖွဲ့များမှ ပေးအပ်သော လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြရသည်ဖြစ်ရာ ဒေသဆိုင်ရာ အချက်အလက်များ ပြုစု ထားရှိခြင်းသည် များစွာအရေးပါလာပါသည်။ ဒေသဆိုင်ရာအချက်အလက် များပြုစုခြင်းဖြင့်မိမိတို့၏ လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူ ပြုသကဲ့သို့အကြီးအကဲများ နယ်မြေသို့ကွင်းဆင်းရာတွင် နယ်မြေ၏အချက် အလက်များကို လွယ်ကူစွာ သိရှိနိုင်မည် ဖြစ်ပါသည်။ ဤစာအုပ်သည် လွိုင်ကော်မြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များ ( ၂၀၁၉ခုနှစ် ၊ စက်တင်ဘာလကုန်ထိအခြေအနေ)ကို သက်ဆိုင်ရာဌာနအသီးသီးမှ ပေးပို့ သောကိန်းဂဏန်းများနှင့်အညီ ပြုစုတင်ပြထားခြင်းဖြစ်ပါသည်။


ဒေသသမိုင်းအကျဉ်း

၂။ မြန်မာသက္ကရာဇ် ၁၂၀၀ပြည့်နှစ်၊ ခရစ်သက္ကရာဇ် ၁၈၃၈-ခုနှစ်တွင် ဦးသီရိ ဦးဆောင်၍ သီရိဒေါရွာအဖြစ် စတင်တည်ထောင်ခဲ့ပါသည်။ ကယား  ဘာသာဖြင့် (ရွာ) ဟု အမည်ရပါသည်။  တောင်ကွဲတောင်၊ ရွှေတောင်အနီး တည်ထားသဖြင့်(လွိုင်ခေါ်)ဟု ရှမ်းဘာသာဖြင့်ခေါ်ဝေါ်ခဲ့ပါသည်။ 'လွိုင်'မှာ တောင်၊'ခေါ်'မှာတကွဲတပြားစီဟုအဓိပ္ပါယ်ရပါသည်။ လွိုင်ခေါ်မှလွယ်ကော်- လွိုင်ကော်ဟူ၍ဖြစ်ပေါ်လာပါသည်။ မြန်မာသက္ကရာဇ်၁၂၅၀ခု၊ကဆုန်လဆန်း (၁၁) ရက်၊ (၂၀-၄-၁၈၈၈) ရက်နေ့တွင် ကန္ဒရဝတီစော်ဘွား စဝ်လဝီက လွိုင်ကော်မြို့ဟော်နန်းကိုစိုက်ထူခဲ့ပါသည်။ ၁၉၄၇ခုနှစ်ထိ ကရင်နီပြည်နယ် အဖြစ်တည်ရှိပါသည်။ ၁၉၅၁ ခုနှစ်၊ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင် ချက်အရ ကယားပြည်နယ်အဖြစ် ပြောင်းလဲခဲ့ပါသည်။ ကယားပြည်နယ်၏ မြို့တော်အဖြစ် လွိုင်ကော်မြို့ကို သတ်မှတ်ခဲ့ပါသည်။ နှစ်စဉ် ဇန်နဝါရီလ (၁၅)ရက်နေ့ကို ကယားပြည်နယ်နေ့အဖြစ် စည်ကားသိုက်မြိုက်စွာကျင်းပ လျက်ရှိပါသည်။ လွိုင်ကော်မြို့နယ်၌ ရပ်ကွက်(၁၉)ရပ်ကွက်၊ကျေးရွာအုပ်စု (၁၂)အုပ်စုနှင့် ကျေးရွာပေါင်း (၁၂၂)ရွာဖြင့် ဖွဲ့စည်းထားရှိပါသည်။

အခန်း(၂)

ပထဝီဝင် အနေအထား


တည်နေရာ နှင့်အကျယ်အဝန်း

၃။ လွိုင်ကော်မြို့နယ်သည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်တွင် ပါဝင်ပြီး ကယားပြည်နယ်၏ မြို့တော်ဖြစ်ပါသည်။ လွိုင်ကော်မြို့နယ်သည်  မြောက်လတ္တီတွဒ် ၁၉ဒီဂရီ၁ ၄မိနစ်မှ ၂၀ဒီဂရီ ၅၉မိနစ်နှင့် အရှေ့လောင်ဂျီ တွဒ် ၉၇ ဒီဂရီ ၀၇ မိနစ်မှ  ၉၇ ဒီဂရီ ၂၂ မိနစ်ကြားတွင် တည်ရှိပါသည်။ အကျယ်အဝန်းမှာ ( ၅၉၈.၀၆ ) စတုရန်းမိုင်၊ ဧရိယာဧက ( ၃၈၂၇၆၀ )ဧက ကျယ်ဝန်းပါသည်။

စဉ် မြို့အမည် မြို့ဧရိယာ စတုရန်းမိုင် ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင် မြို့နယ်ဧရိယာ စတုရန်းမိုင်
လွိုင်ကော် ၁၀.၃ ၅၈၇.၃၀၉ ၅၉၈.၀၆
  မြို့နယ်ချုပ် ၁၀.၃ ၅၈၇.၃၀၉ ၅၉၈.၀၆


နယ်နိမိတ်

၄။ လွိုင်ကော်မြို့နယ်၏ အရှေ့ဘက်တွင် ရှားတောမြို့နယ်၊ အနောက် ဘက်တွင် ဒီးမော့ဆိုမြို့နယ်၊တောင်ဘက်တွင် ဘောလခဲမြို့နယ်နှင့်မြောက် ဘက်တွင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဆီဆိုင်မြို့နယ်တို့နှင့် ထိစပ်လျက် ရှိပါသည်။


မြေမျက်နှာသွင်ပြင်

၅။ တောတောင်နှင့်သစ်တောများပြားပြီး ‌မြေပြန့်လွင်ပြင် နည်းပါးပါသည်။ ထင်ရှားသော ချောင်းများမှာ ဘီလူးချောင်း၊ ပွန်ချောင်းတို့ဖြစ်ပြီး ထင်ရှား သော တောင်များမှာ သီရိမင်္ဂလာတောင်တော် ( တောင်ကွဲ )၊ ရွှေတောင်၊ တောင်သုံးလုံး၊ မြကလပ်တောင်၊ ရွှေလက်ဝါးတောင်တို့ ဖြစ်ပါသည်။


ရေဆင်း

၆။ လွိုင်ကော်မြို့နယ်အတွင်း စီးဆင်းလျှက်ရှိသည့် ထင်ရှားသော မြစ်  ချောင်းမှာ ဘီလူးချောင်းဖြစ်ပြီး အနောက်ဘက်မှ အရှေ့ဘက်သို့ စီးဆင်း လျက်ရှိပါသည်။ ရေချိုရေဖြစ်ပြီး သောက်သုံးရေနှင့် စိုက်ပျိုးရေအဖြစ် သုံးစွဲ လျက်ရှိပါသည်။


ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

၇။ လွိုင်ကော်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်ပျှမ်းမျှအမြင့် (၂၉၅၀)ပေ အထက်တွင်တည်ရှိပါသည်။

 

၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်

၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်

၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ သတင်းအချက်အလက်များ အပြည့်အစုံဖတ်ရှု့ရန်