မြန်မာနိုင်ငံကလေးများနေ့၊ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

13-2-2020 1

13-2-2020 2

13-2-2020 3

(၂၀၂၀ ဖေဖော်ဝါရီ ၁၃)

မြန်မာနိုင်ငံကလေးများနေ့၊ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လွိုင်ကော်မြို့၊ ကယားပြည်နယ်ခန်းမ၌ ပြုလုပ်ကျင်းပသည်။

လွတ်လပ်ရေးဖခင်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက်မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် အခမ်းအနားများပြုလုပ်ကျင်းပလျက်ရှိရာ ကယားပြည်နယ်တွင်လည်း ရင်သွေးငယ်လေး များ ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို အမြဲအမှတ်ရနေပြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် သက်ဆိုင်သော ကဗျာများပါဝင်ဖျော်ဖြေခြင်းဖြင့် ဗိုလ်ချုပ်၏ ကိုယ်ရေးအချက်အလက်များကို အလွယ်တကူသိရှိမှတ်မိစေမှာ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဖြူစင်ရိုးသားသောစိတ်၊ ပွင့်လင်း သောစိတ်၊ ကိုယ်ကျိုးမဖက်သောစိတ်၊ နိုင်ငံချစ်စိတ်၊ စွန့်လွတ်အနစ်နာခံတတ်သောစိတ်များကို ရင်သွေးငယ်များ အတုယူအားကျပြီး ကြိုးစားချင်သော စိတ်ဓါတ်တွေရရှိစေဖို့ ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာတစ်နိုင်ငံလုံးက ပြုလုပ်ကျင်းပဆောင်ရွက်လျက် ရှိကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ က အဖွင့်အမှာစကား တွင် ပြောကြားခဲ့သည်။

ထို့နောက် လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ မူလတန်းကြိုကျောင်းများမှ ရင်သွေးငယ်လေး များက တေးသီချင်းကဗျာများဖြင့် ဖျော်ဖြေခြင်း၊ အကအလှများဖြင့်ဖျော်ဖြေခြင်း၊ မြန်မာနိုင်ငံ ကလေးများနေ့ တေးသီချင်းသီဆိုခြင်းများ ဆောင်ရွက်ကြပြီး ကလေးငယ်လေးများအား ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အမှတ်တရလက်ဆောင် အရုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ ၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးအောင်မောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကလေးငယ်များနှင့် ၄င်းတို့၏ မိဘများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။