ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပ

11-2-2020-2 1

11-2-2020-2 2

11-2-2020-2 3

(၂၀၂၀ ဖေဖော်ဝါရီ ၁၁)

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အစည်းအဝေးမတက်ရောက်နိုင်သော ကိုယ်စားလှယ်များရှိပါက ခွင့်ပန်ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ ကယားပြည်နယ်ဝန်ကြီးချုပ်မှ အဆိုပြုပေးပို့လာသည့် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီးအမည်စာရင်းကို ပြည်နယ် လွှတ်တော်သို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှ တင်ပြခြင်း နှင့် ဝန်ကြီးခန့်အပ်ရန် ဝန်ကြီး၏အမည်စာရင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေငြာခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်အဖွဲ့အစည်းများက ပြန်လည်ရှင်းလင်းခြင်းများဆောင်ရွက်ရာ လွိုင်ကော် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့် က လွိုင်ကော်မြို့နယ်၊ ပန်ကန်း ကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာ ကျေးရွာ အတွက် လယ်ယာကုန်ထုတ်လမ်း( ၃၃၀၀ပေ ၁၂ ပေ)အား အဆင့်မြင့်တင်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်းနှင်စပ်လျဉ်းသည့် မေးခွန်းနှင့် လွိုင်ကော်မြို့နယ်၊ ပန်ကန်း ကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာ နတ်စင်လမ်းအား ကတ္တရာလမ်း (၁၁၀၀ ပေ ၁၂ ပေ ) အဖြစ် အဆင့် မြင့်တင် ပေးရန်အစီအစဉ်ရှိမရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းအား သက်ဆိုင်ရာ ပြည်နယ် ဝန်ကြီးများ ဖြစ်သော လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးဘောစ့်ကို တို့က ခွင့်ပြုရံပုံငွေများရရှိပါက ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြည်လည် ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်ပြီး မယ်စဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်းဦး က လောပိတလမ်းမကြီးနှင့် ကန္ဒရဝတီလမ်းမကြီး လမ်းလယ်သံပန်း၊ သံဇကာအချို့မှာ မြင်မကောင်း လောက်အောင် ပျက်စီး ယိုယွင်းနေသောကြောင့် အမြန်ဆုံး ပြုပြင်ပေးရန်နှင့် လတ်လောအတွက် ပိုမိုတောင့်တင်းခိုင်မာ လှပအောင်အကာအရံများဖြင့် ပြောင်းလဲကာရံပေးရန် အစီအစဉ် ရှိ/ မရှိ ၊ လွိုင်ကော်မြို့တွင် ပြည်နယ်လွှတ်တော်အဆောက်အဦနှင့် ပြည်နယ်အစိုးရအဖွဲ့၏ (၅)ထပ်ဧည့်ရိပ်သာအား ဆက်သွယ်ထားသော (၈)လမ်း၏ လမ်းဘေးဝဲယာ ပလက်ဖောင်းများမှာ အစအဆုံးဆောင်ရွက်ထား ခြင်းမရှိသောကြောင့် အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ ၊ လွိုင်ကော်မြို့နယ်၊ ရှမ်း/ကယားနယ်စပ်မှ မြို့ဝင်မုခ်ဦး အထိ ပြည်ထောင်စုလမ်းမကြီး၏ လမ်းဘေးဝဲယာ လမ်းနယ်နိမိတ်ပေါ်၌ လမ်းဘေးကျေးရွာများ က အမှိုက်များစည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားရှိမှုများအား မည်ကဲ့သို့ရှင်းလင်းဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းနှင့် နောင်တွင်ဤကဲ့သို့မဖြစ်စေရန် မည်ကဲ့ သို့ စီမံဆောင်ရွက်ပေးမည်ကိုသိရှိလိုကြောင်း ၊ လွိုင်ကော်မြို့နယ်ရှိ ခရီးသည်တင်ယာဉ်များရပ်နားရာကားဂိတ်အား စည်းစနစ် တကျ စီမံခန့်ခွဲဆောင်ရွက် နိုင်ရေးအတွက် လက်ရှိအချိန်တွင်မည်သည့်ဌာနမှ တာဝန်ယူဆောင်ရွက်နေပါကြောင်းနှင့် ယခုအချိန်တွင်ခရီးသည် တင်ယာဉ် ရပ်နားစခန်း တည်ထောင်ဖွင့်လှစ်ခြင်းနှင့် သက်ဆိုင်သည့်ဥပဒေကို ကယားပြည်နယ် လွှတ်တော်တွင် အတည်ပြုပြီးဖြစ်၍ တည်ဆဲဥပဒေများနှင့်အညီမည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း ၊ လွိုင်ကော်မြို့နယ်၊ ရှမ်းကယားနယ်စပ်မှ မြို့ဝင်မုခ်ဦးအထိ ပြည်ထောင်စုလမ်းမကြီး၏ လမ်းဘေးဝဲယာတွင် စိမ်းလန်း စိုပြေစေရေးအတွက် သစ်တောဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ အနေဖြင့် သစ်ပင်များအား ရှင်သန်ကြီးထွားအောင် စည်းစနစ်တကျ စိုက်ပျိုးထိန်းသိမ်း သွားရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်းများအား သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများဖြစ်ကြသော လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ် နှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး တို့က ပြည်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေ က မြေနေရာငှားရမ်းခြင်းနှင့်ပတ်သက်၍ သိရှိလိုခြင်း ၊ လွိုင်ကော်မြို့အဝင် မြို့ဦးကျောင်းရှေ့လမ်းဆုံတွင် ဆောက်လုပ်ထားသော ရဲကင်းကို မည်သည့်ဘတ်ဂျက်ဖြင့် မည်မျှကုန်ကျခံ ဆောက်လုပ်ခဲ့ကြောင်း သိရှိလိုခြင်း ၊ ကယားပြည်နယ်အတွင်း မြို့နယ် အလိုက်တရားဝင် စက်သုံးဆီအရောင်းဆိုင်အရေအတွက် မည်မျှရှိသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း၊ ကန္ဒရဝတီ တံတား (လွိုင်ကော်) ၏ အသုံးစရိတ်များနှင့် စပ်လျဉ်း၍ မေးခွန်းများအား လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ က ပြည်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ ဒီးမော့ဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင် က ဒီးမော့ဆိုမြို့နယ်၊ ထီးဖိုးကလိုးကျေးရွာအုပ်စု၊ ဖဲလျားကျေးရွာအနီးရှိ ဖဲလျားဆည်အမှတ် (၁) နှင့် အမှတ်( ၂ )အတွက် ကွန်ကရစ်လိုင်နင်ခင်းပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း ၊ ဒီးမော့ဆိုမြို့နယ် နှင့် ဖရူဆိုမြို့နယ် ကျေးရွာချင်းဆက် လမ်း(၅မိုင်ခန့်)အား ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း နှင့် စပ်လျဉ်းသည့် မေးခွန်းများအား လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ နှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘောစ့်ကို တို့က ပြည်လည် ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်ပြီး ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ် က ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလပိုးကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာနေ တောင်သူများ ၏ လယ်ယာမြေများအား သိမ်းဆည်းခံရခြင်းနှင့်စပ်လျဉ်းပြီး သိရှိလိုခြင်းမေးခွန်း၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင် ကျေးရွာအုပ်စု၊ ဒေါဆိုရှေ့ကျေးရွာ တောင်သူများ၏ လယ်ယာမြေများ သိမ်းဆည်းခံရခြင်းနှင့်စပ်လျဉ်းပြီး သိရှိ လိုခြင်းမေးခွန်း၊ စားသုံးသူပြည်သူများ အစားအသောက်လုံခြုံမှုရှိစေရန် မည်သို့ဆောင်ရွက်ထားရှိသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့်မေးခွန်းများအား စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘောစ့်ကို နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးမော်မော် တို့က ပြန်လည် ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက် ခဲ့ကြသည်။

ထို့နောက် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့ အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း နှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းအား ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက်ရယူနိုင်ရေးကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် က ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ ၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း နှင့် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်း နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ စိစစ်ချက်အစီရင်ခံကို ဒီးမော့ဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင် က ရှင်းလင်းတင်ပြခြင်း၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း နှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးရန် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေငြာခြင်း၊ ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)အား ပြည်နယ်လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး က ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း၊ ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေ ပြုရေးဆိုင်ရာကော်မတီ၏ စိစစ်ချက်အစီရင်ခံစာကို ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေ က ရှင်းလင်းတင်ပြခြင်း၊ ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့များ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အပေါ် ဖရူဆိုမြို့နယ်၊ မဲဆန္ဒအမှတ်(၂ ) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း က အဆိုတင်သွင်းခြင်း၊ ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့များဥပဒေကိုဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ပြင်ဆင်ချက် အဆိုတင်သွင်းခြင်းနှင့် ၎င်းဥပဒေ(မူကြမ်း)ကို ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း နှင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ နှင့် စုငွေဥပဒေ (မူကြမ်း)ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ မှ အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေငြာခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။