(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (၅)ကီလိုမီတာ ငြိမ်းချမ်းရေးအပြေးပြိုင်ပွဲ ကျင်းပ

11-2-2020 1

11-2-2020 2

11-2-2020 3

(၂၀၂၀ ဖေဖော်ဝါရီ ၁၁)

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၃)နှစ်မြောက် ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၅)ကီလိုမီတာ (အမျိုးသား/ အမျိုး သမီး) အသက်(၁၅)နှစ်အောက် ငြိမ်းချမ်းရေးအပြေးပြိုင်ပွဲအား (၁၁.၂.၂၀၂၀)ရက်နေ့ (ဝ၆:ဝ၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ နာရီစင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ငြိမ်းချမ်းရေးအပြေးပြိုင်ပွဲ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ (၅)ကီလိုမီတာအပြေးပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် အားကစားမောင်မယ်များမှ တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်မှ အမျိုးသား/အမျိုးသမီး (၅)ကီလိုမီတာ အပြေးပြိုင်ပွဲများအား သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေးအပြေးပြိုင်ပွဲ ပါဝင် ယှဉ်ပြိုင်ကြသည့် အားကစား သမားများသည် လွိုင်ကော်မြို့၊ နာရီစင်မှ စာတိုက်အဝိုင်း၊ ထိုမှ တဆင့် ကယားဒေးကွင်းအဝိုင်းမှ ကွန်ပျူတာတက္ကသိုလ်ရှေ့သို့ ဖြတ်သန်းပြီး မြို့ဦးကျောင်းမီးပွိုင့်မှတဆင့် ကန္ဒရဝတီလမ်းမကြီး အတိုင်း အပြေးယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ခန်းမရှေ့တွင် ပန်းဝင်ရပ်နားခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများမှ ကြိုဆိုခဲ့ကြပါသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ပြည်နယ်ခန်းမအတွင်း၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများမှ (၅)ကီလိုမီတာ အပြေးပြိုင်ပွဲတွင် ဆုရရှိ ခဲ့ကြသည့် ပြိုင်ပွဲဝင်အားကစားသမားများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ငြိမ်းချမ်းရေးအပြေးပြိုင်ပွဲ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျင်းပပြုလုပ်သည့် (၅)ကီလိုမီတာ အသက်(၁၅)နှစ်အောက် ငြိမ်းချမ်းရေးအပြေးပြိုင်ပွဲတွင် (အမျိုးသား) ပထမဆုရရှိသူ မောင်ထေးလ်ဗဟာဒူး အား ငွေကျပ်(၁)သိန်း၊ ဒုတိယဆုရရှိသူ မောင်သြဂုတ်စတင်း အား ငွေကျပ်(၇၅၀ဝ၀)၊ တတိယဆုရရှိသူ မောင်အော်လိဘာ အား ငွေကျပ်(၅၀ဝ၀ဝ)ဖြင့် လည်းကောင်း၊ (အမျိုးသမီး) ပထမဆုရရှိသူ မဖရေမြာ အား ငွေကျပ်(၁)သိန်း၊ ဒုတိယဆုရရှိသူ မစုစုအောင် အား ငွေကျပ်(၇၅၀ဝ၀)၊ တတိယဆုရရှိသူ မယူဒီအိုင်း အား ငွေကျပ်(၅၀ဝ၀ဝ)ဖြင့် လည်းကောင်း၊ အမှတ်စဉ်(၄)မှ (၁၀)အတွင်း ပန်းဝင်ခဲ့သည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုငွေကျပ်(၃၀ဝ၀ဝ)နှင့် အမှတ်စဉ်(၁၁)မှ အမှတ်စဉ်(၅၀)အတွင်း ပန်းဝင်ခဲ့သည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုငွေကျပ် (၁၀ဝ၀ဝ)စီအား ချီးမြှင့် ဂုဏ်ပြုခဲ့ပါသည်။

အဆိုပါ (၅)ကီလိုမီတာ ငြိမ်းချမ်းရေးအပြေးပြိုင်ပွဲသို့ ပြိုင်ပွဲဝင် (၇၀၃)ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။