Telenor Myanmar Limited မှ တာဝန်ရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် လက်ခံတွေ့ဆုံ

10-2-2020-1 1

10-2-2020-1 2

10-2-2020-1 3

(၂၀၂၀ ဖေဖော်ဝါရီ ၁၀)

           Telenor Myanmar Limited မှ ကယားပြည်နယ်အတွင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအား ရှင်းလင်းတွေ့ဆုံခြင်းအား (၁၀.၂.၂၀၂၀)ရက်နေ့ (၀၉:၃၀)နာရီအချိန် ပြည်နယ်အစိုးရအဖွဲ့ရုံး Cabinet အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှင်းလင်းခြင်းအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ Telenor Myanmar Limited မှ ကိုယ်စားလှယ်အဖွဲ့များ၊ ကယားပြည်နယ်ကွန်ပျူတာပညာရှင်များအသင်းမှ ဥက္ကဋ္ဌ နှင့် ကိုယ်စားလှယ်များမှ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ Telenor Myanmar မှ တာဝန်ရှိသူတစ်ဦးမှ မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှု၊ အခွန်ထမ်းဆောင်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုများနှင့် ကယားပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ ဆက်သွယ်ရေး ဝန်ဆောင်မှု ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ၊ 2G, 3G, 4G LTE ကွန်ယက် အသုံးပြုမှုများနှင့် အင်တာနက်အသုံးပြုမှု အခြေအနေများ၊ ၂၀၂၀ ခုနှစ်တွင်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆက်သွယ်ရေး တာဝါတိုင်များအတွက် လိုအပ်သည့် စွမ်းအင်အား မဟာဓာတ်အားလိုင်းမှတဆင့် သွယ်ယူခွင့် ရရှိနိုင်ရေးနှင့် ပြည်နယ်အတွင်းရှိ အချို့ဆက်သွယ်ရေးတာဝန်တိုင်များ၏ လုပ်ငန်းဆောင်ရွက်မှု ခက်ခဲနေသည့် အခြေအနေများ၊ လွိုင်ကော်လေဆိပ်အတွင်း In Base Station တပ်ဆင်ဆောင်ရွက်လိုသည့် အခြေအနေများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပါသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်သည်များ ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ဆက်သွယ်ရေးတာဝါတိုင်များအတွက် လိုအပ်သည့် စွမ်းအင်အား မဟာဓာတ်အားလိုင်းမှ သွယ်ယူရရှိနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်၍ အခြေအနေများ ပြန်လည်တင်ပြပေးရန်ဖြစ်ပြီး ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အခက်အခဲများ ပေါ်ပေါက်ပါက ပြည်နယ်အစိုးရအဖွဲ့အနေနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း မူဝါဒများနှင့်အညီ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။