လွိုင်ကော်မြို့၊ ဘီလူးချောင်းဖြတ် ကန္ဒရဝတီ တံတားသစ် ဖွင့်လှစ်

8-1-2020 1

8-1-2020 2

8-1-2020 3

လွိုင်ကော်မြို့၊ ဘီလူးချောင်းဖြတ် ကန္ဒရဝတီ တံတားသစ် ဖွင့်လှစ်

(၂၀၂၀ ဇန်နဝါရီ ၈)

လွိုင်ကော်မြို့၊ ဘီလူးချောင်းဖြတ် ကန္ဒရဝတီတံတားအား (၁၉၈၅) ခုနှစ် မှ စတင်၍ (၂၂) ပေ အကျယ် (၂) လမ်း သွားအဖြစ် တည်ဆောက်အသုံးပြုခဲ့ပြီး နှစ်ပေါင်း(၃၄)နှစ် ရှိပြီဖြစ်သည့်အပြင် တိုးတက်လာသော မြို့ပြလူနေမှုစနစ်နှင့် မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများပြား လာမှုကြောင့် တံတား၏အကျယ်အဝန်းမှာ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ သွားလာရန် ကျဉ်းမြောင်းလာသဖြင့် အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၉၉၉.၉၉) သန်း ဖြင့် (၁.၄.၂၀၁၉)ရက်နေ့မှ စတင်အဆင့် မြှင့်တင် တည်ဆောက်ဆောင်ရွက်ခဲ့ပြီး ပြီးစီးခဲ့ရာ အဆိုပါ ကန္ဒရဝတီတံတားဖွင့်ပွဲ အခမ်းအနားအား (၈.၁. ၂၀၂၀)ရက်နေ့ (၀၈၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ နှင့် ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး နှင့် ဇနီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး နှင့် ဇနီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ် နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် ဇနီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန မှ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ မှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် တောင်ငူ− လိပ်သို− ယာဒို− လွိုင်ကော်− ဟိုပုံးလမ်းပေါ်ရှိ ကန္ဒရဝတီတံတား ဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်လာသည့် အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနအကြီးအကဲများနှင့် ဧည့်သည်တော်များ၊ ဖိတ်ကြားထားသူများအားလုံး၊ တိုင်းရင်းသား မိဘပြည်သူများအားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပြီး နှလုံး စိတ်ဝမ်း အေးချမ်း ပါစေကြောင်း၊ ယနေ့အခမ်းအနား ဖြစ်မြောက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးသည့် လမ်းဦးစီးဌာနမှ အဆင့်ဆင့်သော ဝန်ထမ်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မိမိတို့ပြည်နယ်သည် အသေးငယ်ဆုံးနှင့် လူဦးရေအနည်းဆုံးဖြစ်ပြီး သေးငယ်ပြီး လူဦးရေနည်းသော်လည်း အခြားတိုင်း/ပြည်နယ်များနှင့် နှိုင်းယှဉ်လျှင် (၄)နှစ်ကျော်ကာလ အတွင်း ပြည်နယ်အစိုးရ၏ လုပ်ဆောင်ချက်သည် နိမ့်ကျမှုမရှိသည်ကို တွေ့မြင်ရပါကြောင်း၊ ယခုအခါ မိမိတို့ပြည်နယ်တွင် တံတား(၆)စင်းရှိပြီး ယင်းကဲ့သို့ တံတားကြီး(၅)စင်းနှင့် သံတံတား(၁)စင်းဖြစ်ပါကြောင်း၊ ယင်းအခြေသည် သက်ဆိုင်ရာဝန်ကြီးဌာန နှင့် ဦးစီးဌာနတို့မှ ကြိုးပမ်းဆောင်ရွက်မှု များကြောင်းဖြင့်ပြီး ယင်းနှင့် သက်ဆိုင်သည့် မိတ်ဖက်ဌာနများအပြင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများကြောင့်လည်း အောင်မြင်မှုရရှိနေခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ လွိုင်ကော်မြို့အနေ နှင့် အရှေ့တောင် အာရှတွင် အသန့်ရှင်းဆုံးမြို့တော်ဆုကို ရရှိထားပါကြောင်း၊ သေးငယ်သော်လည်း ခရီးသွားဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက်ရှိပြီး ကယားပြည်နယ်၏ တောတောင်ရေမြေအလှ၊ တိုင်းရင်း သားရိုးရာယဉ်ကျေးမှုများကို လာရောက်ကြည့်ရှုလို၍ ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ရိုးသားမှု၊ မေတ္တာ စေတနာများကြောင့် လာရောက်နေကြခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ အောင်မြင်နေခြင်းသည်လည်း အစိုးရတစ်ရပ်တည်း၏ ဆောင်ရွက်ချက်ကြောင့် မဟုတ်ဘဲ ပြည်သူများ ကိုယ်တိုင်ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေမှုကြောင့် ဖြစ်ပါကြောင်း၊ ယင်းအခြေအနေကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ယခုထက်ပိုမိုစည်းလုံး အားကောင်းပြီး ပိုမိုညီညွတ်စွာဖြင့် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ထို့အပြင် ထပ်မံတင်ပြ လိုသည်မှာ ကန္ဒရဝတီတံတားအား ယခင်က (၂) လမ်းသွား (၂၂) ပေ မှ (၄) လမ်းသွား (၄၄) ပေ သို့ အဆင့်မြင့်တင်ခဲ့ပြီး ပြည်ထောင်စုမှ ခွင့်ပြုရန်ပုံငွေကျပ်(၉၉၉.၉၉)သန်းဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စု၏ ပံ့ပိုးမှုများအပြင် ပြည်နယ်အစိုးရ၏ ထပ်ပေါင်းရန်ပုံ ငွေများဖြင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်နယ်အစိုးရအနေ နှင့် ပြည်သူကို အမြဲမျက်နှာမူ၍ ဆောင်ရွက်ပေးလျက်ရှိပြီး တံတားတည်ဆောက်မှုအနေနှင့် (၉)လကျော်ကာလ ကြာမြင့်ခဲ့ပြီး ယင်းကာလအတွင်း သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုးပမ်း၍ အချိန်မီပြီးစီးအောင် ဖော်ဆောင်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေနှင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးရာတွင် အစိုးရတစ်ရပ်တည်းနှင့် အရာရာပြီးပြည့်စုံအောင် ဆောင်ရွက်ပေးလိုသော်လည်း ရန်ပုံငွေ ကန့်သတ်ချက်များကြောင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည်ကို စိတ်ရှည် သည်းခံမှုများဖြင့် နားလည်ပေးစေလိုပါကြောင်း၊ ယခုတံတား အဆင့်မြှင့်တင်ပေးခဲ့ပြီး ရေရှည်တည်တံ့စေရေး အတွက် တာဝန်ရှိသူများအားလုံးက ထိန်းသိမ်း စောင့်ရှောက် ပေးရန်လိုပါကြောင်း၊ ဖျက်လိုဖျက်ဆီး လုပ်ဆောင်လာမည့်သူများကိုလည်း အချိန်မီသတင်းပေး ပို့၍ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းသည် ၎င်းတို့အား နစ်နာအောင် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြုပြင်ပေးလို၍ဖြစ်ပြီး ယင်းတို့အနေနှင့်အသိတရားများ ကိန်းအောင်းလာစေလို၍ ဖြစ်ပါကြောင်း၊ အလားတူ မူးယစ်ဆေးဝါးသုံးစွဲမှုများနှင့် ပတ်သက်၍လည်း ယင်းကဲ့သို့ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ သတင်းပေးရန်ရှိသည်များကို သက်ဆိုင်ရာသို့ သတင်းပေးဆောင်ရွက်စေလိုပါကြောင်း၊ နိုင်ငံတော်၏ အကြီးအကဲများ ကိုယ်တိုင်က သတင်းပေးဆောင်ရွက်စေရန် အမြဲလမ်းညွှန်လျက်ရှိပါကြောင်း၊ ယခုအခမ်းအနားတွင် တင်ပြရခြင်းမှာ ပြောင်းလဲမှုအရွေ့တစ်ခုကို သွားနေခြင်းအတွက် အားနာမှုကြောင့် အဟန့်အတား ဖြစ်နိုင်သည့်အတွက် တင်ပြနေရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ မှန်ကန်သည့် ပြောင်းလဲမှု အရွေ့ကို လိုက်ပါပြောင်းလဲရန် တိုက်တွန်း လိုပါကြောင်း၊ ထို့အပြင် လမ်းဦးစီးဌာနမှ ဆောင်ရွက်သည့် လမ်းများအနေနှင့် BP 13 မှ လွိုင်ကော်အထိ ဆောင်ရွက်ထားရှိပြီး မြို့နယ်ချင်းဆက်လမ်းများကို အဓိကဦးစားပေး၍ ဆောင်ရွက်လျက်ရှိပြီး လာမည့်ဘဏ္ဍာနှစ်တွင် တံတားတည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများ အားလုံးသည် ပြည်သူများ၏ ဘဏ္ဍာငွေများဖြင့်ပင် ဆောင်ရွက်ထားသည်ဖြစ်ရာ အားလုံးက ဝိုင်းဝန်း ထိန်းသိမ်းကြရန်လိုပါကြောင်း၊ မိမိတို့အစိုးရအနေနှင့်လည်း ပြည်သူများနှင့်အတူ လက်တွဲ၍ အကောင်းဆုံး ဆောင်ရွက်သွားမည်ဖြစ်ပြီး မိမိအနေနှင့် ပြည်နယ် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေသည်ကိုလည်း သာယာပျော်မွေ့နေခြင်းမဟုတ်ဘဲ ပြည်သူ့အကျိုး၊ ပြည်နယ်အကျိုးအတွက် အကောင်းဆုံးဖြစ်အောင် စိတ်ရောကိုယ်ပါ ဆောင်ရွက်နေပါကြောင်း၊ သို့ဖြစ်ရာ ပြည်သူများအနေနှင့် ရရှိထားသည့် ဒီမိုကရေစီ၏ အနှစ်သာရကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန်အတွက် မိမိတို့အကျိုး ၊ မိမိတို့ပြည်နယ်အကျိုး၊ နိုင်ငံ့ အကျိုးအတွက် အကောင်းဆုံး ပူးပေါင်းဆောင်ရွက် နိုင်ကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒေသခံပြည်သူများကိုယ်စား မင်းစုရပ် ကွက်နေ ဦးစိုးညွန့် မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်း၊ အစီအစဉ်အရ ကန္ဒရဝတီတံတားသစ်အား ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ တံတားဦးစီးဌာနမှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် မြို့မိမြို့ဖ ဦးစဝ်သန်းဝင်းတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

ယင်းနောက် ကန္ဒရဝတီတံတား ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ တံတား ဦးစီးဌာန ၊ အင်ဂျင်နီယာချုပ် (မြို့ပြ) မှ ဦးဝင်းမင်းထွဋ် တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ခြင်း နှင့် အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခြင်း၊ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး တံတားပေါ်သို့ ဖြတ်သန်း သွားလာကြည့်ရှုခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။