လွိုင်ကော်မြို့၌ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

3-12-2019-1 1

3-12-2019-1 2

3-12-2019-1 3

(၂၀၁၉ ဒီဇင်ဘာ ၃)

မသန်စွမ်းသူများသည် သန်စွမ်းသူများကဲ့သို့ တန်းသူအခွင့်အရေးရရှိစေရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာကို အလေးထားစေရန်၊ မသန်စွမ်းသူများ၏ စိတ်ဓာတ်အင်အားများ မြင့်မားလာစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက လွိုင်ကော်မြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၂(က)တွင် မသန်စွမ်းသူများအား နိုင်ငံတော်က ကြည့်ရှုစောင့်ရှောက်ရမည်ဖြစ်ကြောင်း ဖော်ပြထားပြီး မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ (၇) ရက်နေ့မှာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗားရှင်းအား အတည်ပြု လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ ထိုဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး မသန်စွမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများ ကိုယ်တိုင်ပါဝင်ပြီး နည်းဥပဒေကို အတည်ပြုချမှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရ၍ မသန်စွမ်းသူများ အားလုံးရဲ့ကိုယ်စား ဝမ်းမြောက်ပီတိဖြစ်မိပါကြောင်း၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများချမှတ်နိုင်ရန် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ မသန်စွမ်းသူ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းမှုကို အကြောင်းပြု၍ သိလျက်နှင့်တမင် ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ အကြမ်းဖက်ခြင်းမရှိစေရေးနှင့် မသန်စွမ်းမှုဆိုင်ရာ အသိပညာမြင့်မားရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသိပညာပေးသင်တန်းများပေးခြင်း၊ ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ထည့်သွင်းဖော်ပြခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မသန်စွမ်းမှုအလိုက် လိုအပ်ချက်များကို လေ့လာဆန်းစစ်ခြင်း၊ သုသေသနပြုလုပ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ အများသုံးပုံစံ(Universal Design) အသုံးပြုလက်လှမ်းမီရယူသုံးစွဲနိုင်ရေး(Accessibility) စသည့် ကဏ္ဍအလိုက် လိုအပ်မည့် အမျိုးသားအဆင့် မူဝါဒများရေးဆွဲခြင်း၊ စီမံချက်ချမှတ်ကာ အကောင်အထည်ဖော်ခြင်းတို့ကို နိုင်ငံတကာ ကွန်ဗားရှင်းများ၊ သဘောတူညီချက်များ၊ စံနှုန်းများအပြင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးပြီး ကြံ့ခိုင်သန်စွမ်းသော လူ့အဖွဲ့အစည်းများ ဖန်တီးဆောင်ရွက်ရာတွင် မသန်စွမ်းသူများ အပြည့်အဝ ပေါင်းစည်းပါဝင်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မသန်စွမ်းသူများအပါအဝင် မိဘပြည်သူတစ်ရပ်လုံး အနေဖြင့် ပြည်နယ်အစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့အစည်းများ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့်အတူ လက်တွဲပူပေါင်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှပေးပို့သော သဝဏ်လွှာအား ပြည်နယ်မသန်စွမ်းသူများအသင်းဥက္ကဌ ဦးမြင့်အောင်က ဖတ်ကြားပြီး လွိုင်ကော်မြို့နယ် မသန်စွမ်းသူများအဖွဲ့မှ “ဘဝရဲ့ သီချင်း” ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မြပလဲကျေးရွာအုပ်စု မန်းတောင်ရိပ်အဖွဲ့မှ “အနားမှာအမြဲ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် အမှတ်တရ လက်ဆောင် ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ် နှင့် တာဝန်ရှိသူများက အခြေခံပညာ ထက်/လယ်/မူ အဆင့် စာစီစာကုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အဆိုပြိုင်ပွဲများတွင် ဆုရရှိသူများ ဆုများအသီးသီးပေးအပ်ခြင်းနှင့် အခြေခံပညာအထက်တန်းတွင် ဂုဏ်ထူး(၃)ဘာသာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော မသန်စွမ်းအမျိုးသမီးငယ် မမေစန်း အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။