ကယားပြည်နယ်အတွင်းရှိ မသန်စွမ်းသူ ၁၀၂၈ ဦးနှင့် မိခင်ဝိုင်း ၃၀ ဝိုင်းအတွက် ထောက်ပံ့ငွေ ပေးအပ်

2-11-2019-1 1

2-11-2019-1 22-11-2019-1 3

( ၂၀၁၉ နိုဝင်ဘာ ၂ )

 

ကယားပြည်နယ်အတွင်းရှိ မသန်စွမ်းသူများနှင့် မိခင်ဝိုင်းများမှ မိခင်ဝိုင်းခေါင်းဆောင်နှင့် ကလေးများအတွက် အာဟာရထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားအား ( ၁၁. ၁၁.၂၀၁၉) ရက်​နေ့ (၁၁၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ကယား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဇနီး ၊ ပြည်ထောင်စု ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ မသန်စွမ်းသူများ၊ မိခင်ဝိုင်းများမှ တာဝန်ရှိသူများ၊ ကလေးသူငယ်များ တက်ရောက်ကြသည်။

 

ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဝန်ကြီးဌာန အနေဖြင့် လူမှုဝန်ထမ်းကိစ္စရပ်ဖြစ်သော လူမှုကာကွယ်စောင့်ရှောက်မှု၊ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ဘေးအန္တရာယ်ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကလေး သူငယ်များ၊ မိခင်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများသည် ထိခိုက်လွယ်သော အုပ်စုများဖြစ်သည့် အတွက် ပြည်သူ့အစိုးရလက်ထက်တွင် မူဝါဒများနှင့် အညီ လိုအပ်သည်များကို ထောက်ပံ့ကူညီ ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့သို့ ထောက်ပံ့ကူညီဆောင်ရွက်ရာတွင်လည်း အားလုံးတန်းတူညီမျှ ရရှိရန် မလွယ်ကူ ကြောင်း၊ လိုအပ်သော ဉပဒေများကို ပြန်လည်ဖြည့်ဆည်းမွမ်းမံ ဆောင်ရွက်ရမည်ဖြစ်ပြီး ရေရှည်အကျိုး ရှိသော လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့် မွေးကင်းစမှ အသက် သုံးနှစ်ထိ ကလေးသူငယ်များသည် ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးအချိန်ဖြစ်ပြီး ကောင်းမွန်သော အာဟာရကျွေးမွေး ခြင်းသည် အဓိကဖြစ်သောကြောင့် လိုအပ်သော ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ ဒါ့ပြင် လူငယ်ရေးရာမူဝါဒ ရေးဆွဲခြင်းများကို ဝန်ကြီးဌာနက တာဝန်ယူ၍ လူငယ်များ ကိုယ်တိုင်ရေးဆွဲ လျက်ရှိကြောင်း၊ ယခု မသန်စွမ်းသူများအား ထောက်ပံ့ကူညီဆောင်ရွက်ခြင်းသည် ကနဦး ထောက်ပံ့ကူညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ပြည်နယ်အတွင်း မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက် ကလေးသူများအတွက် ထောက်ပံ့မှုများကို စီမံချက်ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ စာရင်းကောက်ယူရာတွင် ကျန်ရှိသူများရှိပါက ပြန်လည် စာရင်းပေးသွင်းနိုင်ကြောင်း၊ ယခုထောက်ပံ့ခြင်းသည် နိုင်ငံတော်၏ စေတနာ၊ မေတ္တာဖြစ်ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရာတွင် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်နယ်အတွင်းရှိ မိခင်ဝိုင်း ၃၀ ဝိုင်းမှ မိခင်ဝိုင်းခေါင်းဆောင်နှင့် ကလေးများအတွက် အာဟာရထောက်ပံ့ငွေကျပ် ၁၅ ဒသမ ၃၀ သန်း၊ မသန်စွမ်းသူ ၁၀၂၈ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၃၀ ဒသမ ၈၄ သန်းကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အခမ်း အနားသို့ တက်ရောက်လာကြသော မသန်စွမ်းသူများအား လက်အရောက် ထောက်ပံ့ငွေများ ပေးအပ်ပြီး ကလေးသူငယ်များအတွက် အမှတ်တရ လက်ဆောင်များ ပေးအပ်ကာ တက်ရောက်လာကြသူများနှင့် စုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့​ကြောင်း သိရှိရပါသည်။