ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

7-10-2019 1

7-10-2019 2

7-10-2019 3

(၂၀၁၉ အောက်တိုဘာ ၇)

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေး အတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ကယား ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၅/၂၀၁၉) အား (၇-၁၀-၂၀၁၉) ရက်နေ့ (၀၉၀၀)နာရီအချိန် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်၊ မြို့နယ်၊ မြို့အုပ်ချုပ်ရေးမှူးများ စုံလင်စွာတက်ရောက်ခဲ့ပါသည်။

မင်္ဂလာ

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် အစည်းအဝေးသို့ တက်ရောက်လာသူများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း၊ မကြာမီ သီတင်းကျွတ်ရုံးပိတ်ရက်သို့ ရောက်လာတော့မည်ဖြစ်ကြောင်း၊ ၂၀၁၉ -၂၀၂၀ ဘတ်ဂျက်ကို အတည်ပြုထားပြီးဖြစ်ကြောင်း၊ လုပ်ငန်းများစတင်ဆောင်ရွက်နိုင်ရန်အတွက် စိုင်းပြင်းနေတဲ့ အချိန်အခါလို့ဆိုလျှင်လည်း မမှားပါ​ကြောင်း၊ ဝန်ထမ်းများ၏ အခွင့် အရေး များအရ အချို့အနားယူကြမည်ဖြစ်ရာ ၎င်းတို့၏ ခံစားခွင့်၊ ရပိုင်ခွင့်များဖြစ်ကြောင်း၊ သို့ဖြစ်ရာ မိမိအနေနှင့် တင်ပြလိုသည်မှာ လုပ်ငန်းများမလစ်ဟင်းစေရေး အကြီးအကဲများအား တိုက်တွန်းမှာကြားရန်လိုကြောင်း၊ မိမိအနေနှင့် ဝန်ထမ်းဘဝများတွင် ယခုလိုရုံးပိတ်ရက်များကို မျှော်လင့်ခဲ့ကြောင်း၊ ယင်းရက်များကို ဖြတ်သန်းနိုင်ရန်အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအတွက် လုပ်ငန်းစီမံချက်များကိုလည်း ကြိုတင်ရေးဆွဲထားလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ လက်အောက်ဝန်ထမ်းများမှ စနစ်တကျဆောင်ရွက်နိုင်ရေး ကြိုတင်စီမံထားရန် လိုကြောင်း၊ နိုင်ငံတော် ပြုပြင်ပြောင်း လဲရေး ဆောင်ရွက်ရာတွင်ဌာနများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါ ပါကြောင်း၊ ဌာနများအနေနှင့် မိမိတို့သည် နိုင်ငံ့တာဝန်များ ထမ်းဆောင်နေသူတစ်ဦးအဖြစ် သတ်မှတ်ခံယူစေလိုကြောင်း၊ ဝန်ထမ်းကောင်းမှ တိုင်းပြည်တိုးတက်မည်ဖြစ်ကြောင်း၊ ယင်းပုဂ္ဂိုလ်များ တာဝန်ကျေမှသာလျှင် နိုင်ငံတော်တိုးတက်မည် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် အဆင့်ဆင့်ညွှန်ကြား ကြပ်မတ်ရန်လိုကြောင်း၊ အောက်ခြေဝန်ထမ်းများ၏ ခံစားချက်များအနေနှင့် ၎င်းတို့ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန်အတွက် အထက်အကြီးအကဲများမှ တည့်မတ်မှန်ကန်စွာ လမ်းညွှန်မှုပေးနိုင်ရန် လိုကြောင်း၊ ယင်းတို့၏ အခက်အခဲများကို သိရှိအောင်ဆောင်ရွက်ပြီး ပံ့ပိုးပေးမည့် အခြေအနေများကို အောက်ခြေဝန်ထမ်းများက မျှော်လင့်နေကြောင်း၊ မိမိအနေနှင့် ဝန်ထမ်းများ၏အား၊ ဌာနအကြီးအကဲများ၏ အားဖြင့်သာ အောင်မြင်လိုကြောင်း၊ အခက်အခဲများ ရှိပါက မိမိရုံးခန်းသို့ဝင်ရောက်တင်ပြခွင့်ပြုထားပါကြောင်း၊ အောက်ခြေဝန်ထမ်းများ၏ဘဝကို စာနာနားလည် နိုင်ပါကြောင်း၊ နှုတ်ဖြင့်ပြောနေ၍ မရဘဲ ကိုယ်စီပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ပိုမိုကောင်းမွန်အောင် အားဖြည့် ဆောင်ရွက်ကြရန် လိုကြောင်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များ၏ ရိုသေလေးစားမှု အထင်ကြီးမှု ဂုဏ်များကို ပိုင်ဆိုင်ထားပြီး မိမိတစ်ဦးတည်းကြောင့်မဟုတ်ဘဲ ဌာနအကြီးအကဲများမှ အစအောက်ခြေဝန်ထမ်းများ၏ ကြိုးပမ်းမှုများကြောင့်ဖြစ်ကြောင်း၊ ယင်းသို့ကောင်းမွန်သည့် အခြေအနေများကို ဆက်လက်ထိန်းသိမ်းကြရမည် ဖြစ်ပါကြောင်း၊ အခက်အခဲများရှိပါက တင်ပြပေးရန် ဖြစ်ပြီး ပံ့ပိုးပေးနိုင်သည်များကို အမှန်တကယ်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ​ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်မှ ဌာနအကြီးအကဲများအနေနှင့် ရည်မှန်းချက်များ ဖော်ဆောင်နိုင်ရန်အတွက် မိမိ၏အားကိုရယူကြရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုသို့တင်ပြရန် ရှိသည်များကို တင်ပြပေးမည်ဖြစ်ကြောင်း၊ လိုအပ်ပါက အထပ် ထပ်အခါခါ တင်ပြဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ သို့ဖြစ်ရာ မိသားစုအသွင်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ နိုင်ငံတော်အနေနှင့် မိမိတို့ပြည်နယ်သို့ နှစ်စဉ် (၆၀) ဘီလီယံခန့် ပံ့ပိုးပေးလျက်ရှိပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် စီမံဆောင်ရွက်ခွင့်ပေးထားကြောင်း၊ ဥပမာ ပညာရေး ကဏ္ဍနှင့်စပ်လျဉ်း၍ ကျောင်းဆောင်သစ်များ ဆောက်လုပ်ခြင်းလုပ်ငန်းများရှိပြီး ပြည်ထောင်စုအနေနှင့် ပြည်နယ်အစိုးရသို့ လုပ်ငန်းများ လွှဲပြောင်းအပ်နှံဆောင်ရွက်မှုများရှိကြောင်း၊ ယင်းသို့ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်အခြေအနေမှန်များကို အမှန်တကယ် ကွင်းဆင်းစိစစ်ဆောင်ရွက်ရန်လိုပြီး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အားနည်းချက်များဖြစ်ပေါ်နေမည်ဖြစ်ပြီး ယင်းအားနည်း ချက်များကို ပြင်ဆင်နိုင်ရမည်ဖြစ်ကြောင်း၊ ယင်းအချက်များကို ဌာနအကြီးအကဲများအနေနှင့် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ လမ်းလုပ်ငန်းများနှင့်ပတ်သက်၍လည်း ပြီးပြည့် စုံသည့် လမ်းတစ်လမ်းဖြစ်ရေးအတွက် စနစ်တကျ တွက်ချက် ဆောင်ရွက်ရန် လိုကြောင်း ​ပြောကြားခဲ့ပါ သည်။

ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်မှ (၃)နှစ်ကျော်ကာလအတွင်း ကြုံတွေ့ခဲရသည့် အချက်ဖြစ်ပြီး ယင်းအချက်များကို ဌာနအကြီးအကဲများမှ သတိချပ်ပြုပြင်ဆောင်ရွက်စေလိုကြောင်း၊ သို့မှ ထိရောက်မှန်ကန်မြန်ဆန် အကျိုးရှိစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိအနေနှင့် ကွင်းဆင်း စိစစ်မှုများကို မပြတ်ဆောင်ရွက် လျက်ရှိပြီး အားကောင်းသည့် ဌာနများရှိသလို အားနည်းသည့် ဌာနများလည်း တွေ့မြင်ရကြောင်း၊ မိမိတို့လုပ်ဆောင်ရမည်ကို တာဝန်ယူ၊ ခံမှုဖြင့် စနစ်တကျ ဆောင်ရွက်ရန် လိုကြောင်း၊ ထို့အပြင် တင်ဒါ လုပ်ငန်းများနှင့်ပတ်သက်၍ မဖြစ်မနေဆောင်ရွက် ရမည်ဖြစ်ပြီး (၁/၂၀၁၇)နှင့်အညီ ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းကိုမျှ ချန်လှပ်ထား၍ မရကြောင်း၊ တင်ဒါလုပ်ငန်းများ နှင့်ပတ်သက်၍ ယခင်ကအားနည်းချက်များကို ပြန်လည်ချိန်ထိုး ဆောင်ရွက်ကြရန်လိုကြောင်း၊ ဌာနများတစ်ခုနှင့်တစ်ခု မတူညီကြကြောင်း၊ ယခုလမှစ၍ တင်ဒါ စတင်ခေါ်ယူမည်ဆိုပါက အချိန်များစွာရရှိမည်ဖြစ်ကြောင်း၊ ရရှိသည့် အချိန်အတွင်း လုပ်ငန်းရှင် များက ဆောင်ရွက်ခွင့်ရရန် လိုကြောင်း၊ သို့ရာတွင် (၃)လ (၆)လ (၇)လ စသည်ဖြင့် စာချုပ်များကို ချုပ်ဆိုနေကြသည်ကို တွေ့မြင် ရကြောင်း၊ အချို့ဌာနအကြီးအကဲများအနေနှင့် အချိန်များစွာ ပေးနိုင်သော်လည်း အချိန်ကို အနည်းငယ် သာပေးသည်ကို ကြားသိရပါကြောင်း၊ မလိုလားအပ်သော အခြေအနေများကြောင့် အချိန်များစွာကုန်ဆုံးခဲ့ရကြောင်း၊ လုပ်ငန်းရှင်များအနေနှင့် ယင်းအခက်အခဲ များကို ရင်ဆိုင်နေရ ကြောင်း၊ ထို့အပြင် ရန်ပုံငွေထုတ်ယူရာတွင်လည်း အလားတူကြန့်ကြာမှုများ ရှိပါကြောင်း၊ မိမိအနေနှင့် ကိုယ်ချင်းစာတရားများနှင့် ဆောင်ရွက်ကြရန်ဖြစ်ပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်း ပေးစေလိုကြောင်း၊ ယခုရရှိထားသည့် ရာထူးတာဝန်များနှင့်ထိုက်တန်သူများဖြစ်ပြီး မှန်မှန်ကန်ကန် ဖြစ်အောင် ကြိုးပမ်းပေးစေလိုကြောင်း၊ ပြည်သူများ၏ လေးစားဂုဏ်ယူမှုကို ရရှိခံစားနိုင်ရန် ဖြစ်ကြောင်း၊ ယင်းအမွေကောင်းများကို နောင်သားများအတွက် ပေးအပ်စေလိုကြောင်း၊ ပြောင်းလဲ လိုသည်မှာလည်း ယင်းပုံစံမျိုးပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ တက်ရောက်လာသူများအနေနှင့် ယခုဘဏ္ဍာနှစ်တွင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကောင်းဆုံးဖြစ်အောင် ဘက်ပေါင်းစုံမှ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ကျင်းပပြီးစီးခဲ့သည့် အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၉) ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်မှုများအား ပြန်လည်ဖတ်ကြားတင်ပြခြင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာများက မိမိတို့ဌာန အလိုက် ​ဆောင်ရွက်လျက်ရှိ​သော လုပ်ငန်းများ၊ ​ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်ပေးရမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်နယ်၀န်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့၀င် ၀န်ကြီးများမှ တင်ပြချက်များအ​ပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့​နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ (၁၄၀၀)နာရီအချိန်တွင် အစည်းအဝေးအောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။