ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများ တွေ့ဆုံ

11-7-2019-1 1

11-7-2019-1 2

11-7-2019-1 3

(၂၀၁၉ ဇူလိုင် ၁၁)

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေ တင်ဒါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ ပေါင်းစပ်ဆောင်ရွက်ပေးရန်ရှိသည်များအား သက်ဆိုင်ရာ အစိုးရ၊ ဌာန၊ လုပ်ငန်းရှင်များ တွေ့ဆုံညှိနှိုင်း ပေါင်းစပ် ဆွေးနွေးခြင်းဖြင့် ပြည်နယ်အတွင်း အကောင်အထည် ဖော်လျက်ရှိသော လုပ်ငန်းများ ပိုမိုထိရောက် ကောင်းမွန် လာစေရေးအတွက် တွေ့ဆုံပွဲအား (၁၁-၇-၂၀၁၉) ရက် နေ့ (၁၀ဝ၀)နာရီအချိန် လွိုင်ကော်မြို့နယ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေး မှူးများ၊ ပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများစုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦ:အယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာ တွင် ယနေ့တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာ သည့် တည်ဆောက်ရေး ကုမ္ပဏီများနှင့် ဌာနဆိုင်ရာများ၊ QC အဖွဲ့ဝင်များအားလုံး နှလုံးစိတ်ဝမ်းအေးချမ်း ကြပါ စေကြောင်း၊ ယနေ့တွေ့ဆုံပွဲ အခမ်းအနားပြုလုပ် ရခြင်း မှာ ကုမ္ပဏီများအနေနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ တင်ပြလိုသည်များကို တင်ပြနိုင်ရန်အတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယခုလို တွေ့ဆုံပွဲအား တစ်နှစ် (၁)ကြိမ် ပြုလုပ်သင့်ကြောင်း၊ နိုင်ငံတော်၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကုမ္ပဏီများအားလုံးက မူဘောင်များနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ပြီး နှစ်စဉ် ဖွံ့ဖြိုးရေး လုပ်ငန်း များတွင် ရန်ပုံငွေများစွာဖြင့် သုံးစွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကအဖြေရှာရမည့် ကိစ္စတစ်ရပ်မှာ လုပ်ငန်းအပ်နှံသူနှင့် ဆောင်ရွက်သူ အကြား သဟဇာတဖြစ်ရန်လိုပြီး ၎င်းတို့အနေနှင့် နေ့စဉ် ထိတွေ့နေရန်လိုကြောင်း၊ တစ်ပြည်နယ်လုံး အတိုင်း အတာအနေနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် မြန်မြန်ဆန်ဆန် ချိတ်ဆက် ဆောင်ရွက်နိုင် ရေးသည် အရေးကြီးကြောင်း၊ တာဝန်ခံမှု၊ တာဝန်ယူမှု ဖြင့် အပြန်အလှန်အကျိုးအမြတ်ရှိရေး ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ ယင်း အတွက်ကြောင့် ယနေ့ တွေ့ဆုံပွဲကို ကျင်းပရခြင်းလည်းဖြစ်ပါကြောင်း၊ သို့ဖြစ် ရာ ကုမ္ပဏီများ အနေနှင့် တင်ပြလိုသည့်အချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြရန် ဖြစ်ပါကြောင်း၊ သို့မှသာ မှန်ကန်သောအဖြေကို ပေါင်းစပ်ကြိုးပမ်း ဖော်ဆောင် နိုင်မည်ဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြား ပါသည်။

ဆက်လက်ပြီး တက်ရောက်လာသည့် ကုမ္ပဏီများမှ တင်ပြရန် ရှိသည်များ တင်ပြဆောင်ရွက် စေခဲ့ရာ ဧရာ မြတ်ပြည် ကုမ္ပဏီ၏မှ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ ပြောဆိုချက်တွင် ကုမ္ပဏီများအနေနှင့် ရှုံးနေ၍ မရဘဲမြတ်နေရမည်ဖြစ်ကြောင်း၊ သို့မှသာ ဖွံဖြိုးတိုးတက် မည်ဖြစ်ကြောင်း၊ ကုမ္ပဏီများအနေနှင့် အမြတ်ကို ထည့်တွက်၍ မရသလို Super vision cost ကို ထည့်တွက်၍ မရကြောင်း၊ တင်ဒါများကို သတ်မှတ် ဘတ်ဂျက်အတွင်းသာ ဆောင်ရွက်ရခြင်း ဖြစ်ရာ စဉ်းစား ဆောင်ရွက်ပေးစေလိုကြောင်း၊ ဒေသပေါက်ဈေးကို ကျော်လွန်ဆောင်ရွက်၍ မရသည့် အတွက် ဒေသ ပေါက်ဈေးအတိုင်းသာ ဆောင်ရွက်ရကြောင်း၊ ဒေါ်လာ ဈေး အတက်အကျကြောင့် လုပ်ငန်း အတွက် များစွာ အခက်အခဲဖြစ်ပေါ်နေပါကြောင်း၊ ယခုနှစ်တွင် ဘိလပ်မြေ ဈေးနှုန်းကြောင့် အခက်အခဲများကြုံတွေ့ရကြောင်း၊ ဈေးနှုန်းတွက်ချက်ရာတွင် ဌာနတစ်ခုနှင့်တစ်ခု တူညီမှု မရှိပါ ကြောင်း၊ အစိုးရဌာနများ၏ သတ်မှတ်ထားသော ဘတ်ဂျက်သည် Fix ဖြစ်နေပါကြောင်း၊ PAE နှုန်းများ ကြောင့် ရှုံးနိမ့်မှုများ ဖြစ်ပေါ်ပါကြောင်း၊ အိုးအိမ် တည်ဆောက်ရေးလုပ်ငန်းများတွင် ကုမ္ပဏီ (၉)ခု အရှုံး နှင့် ရင်ဆိုင်နေရကြောင်း၊ နိုင်သည့် ဝန်နှင့် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်နေကြောင်း၊ ဘတ်ဂျက်သတ်မှတ် ရာတွင် PAE ဖြင့်မသတ်မှတ်စေလိုကြောင်း၊ လျာထား ဘတ်ဂျက်သတ်မှတ်ရာ တွင် တတ်ကျွမ်းသည့် အဖွဲ့များ ကို အပ်နှံ၍ ရေးဆွဲစေလိုကြောင်း၊ ကုမ္ပဏီများအနေနှင့် ဆောက်လုပ်ရေးအသင်းသို့ အသင်းဝင်ကြရန် မေတ္တာရပ် ခံလိုကြောင်း၊ မိမိတို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အနေနှင့် (၂)(၃)ရာခိုင် နှုန်းခန့် မြတ်အောင် မနည်းကြိုး ပမ်းနေရကြောင်း၊ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်နှစ်အတွက် ဆောက်လုပ်ရေးဘဏ်လာရောက်ဖွင့်လှစ်မည်ဖြစ်ရာ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်ဝင်များအတွက် ချေးငွေများထုတ်ချေးပေးမည် ဖြစ်သည်ကိုလည်း အသိပေးလိုပါကြောင်းတင်ပြပါသည်။

အောင်ဇင်သူကုမ္ပဏီမှ တင်ပြရာတွင် တောင်ငူ-လွိုင်ကော် လမ်းလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး ရာနှုန်းပြည့်ပြီးစီး၍ ငွေထုတ်ခွင့်တင်ပြရာတွင် ယခုအချိန်ထိ မရရှိသေး ကြောင်း၊ အကြောင်းရင်းမှာ လမ်းလုပ်ငန်းအတွက် ဓာတ် သတ္တုခွန်မပေးဆောင်ရခြင်းဖြစ်၍ ငွေထုတ်မရခြင်း ဖြစ် သည့် အပေါ် ဖြေရှင်း ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြ ပါသည်။

ကိန္နရီသစ္စာကုမ္ပဏီမှတင်ပြရာတွင် ကျေးလက်လမ်းဌာန ၏ လုပ်ငန်းများကို ဆောင်ရွက်နေပြီး အပိုဆောင်း လုပ်ငန်းများနှင့်ပတ်သက်၍ ခုနှိမ်ခွင့်မပြုကြောင်းသိရှိရ၍ ရေပြွန်များကို လိုအပ်ချက်အရ ထည့်သွင်းဆောင်ရွက် ခဲ့ရ၍ ၎င်းအချက်များကို ထည့်သွင်းတွက်ချက် ခွင့်ပြုစေ လိုကြောင်း၊ ခုနှိမ်ပေး စေလိုကြောင်း ကုမ္ပဏီများအနေနှင့် မဖြစ်မနေဆောင်ရွက်ရခြင်းဖြစ်၍ စာရင်းစစ်ဆေးပါက စဉ်းစား ပေးရန်ဖြစ်ကြောင်း တင်ပြပါသည်။

NICE KAYAH ကုမ္ပဏီမှတင်ပြရာတွင် ဓာတ်သတ္တုခွန် ဆောင်ရသည့်ကိစ္စနှင့်ပတ်သက်၍ ဆောင်ရသည့် အချက် ကို သိရှိလိုကြောင်း၊ ထို့အပြင် တွက်ချက်မှုတွင် မပါဝင် သော်လည်း မဖြစ်မနေ ဆောင်ရွက်ရသည့်လုပ်ငန်းများကို စာရင်းစစ်ဆေးရာတွင် ခုနှိမ်ပေးစေလိုကြောင်း တင်ပြ ပါသည်။

ရွှေထက်ထူးကုမ္ပဏီမှတင်ပြရာတွင် တင်ဒါအောင်မြင် ကြောင်းကြေညာပြီး တစ်ပတ်အတွင်း လုပ်ငန်းစာချုပ် ချုပ်ဆိုရန် ပါရှိသော်လည်း ယခုအခါ (၁)လကျော်မှသာ စာချုပ်ချုပ်ရသည့်အတွက် လုပ်ငန်းနှောင့်နှေးကြောင်း၊ ကုမ္ပဏီများအနေနှင့်လည်း ရက်လွန်သည့်အတွက် ဒဏ်ကြေးများ ဆောင်ရကြောင်း၊ ထို့အပြင် ငွေထုတ် တင်ပြရာတွင် QC နှင့် စည်ပင်ခွန်ကိုနုတ်ပြီးမှသာ (၂) ရာခိုင်နှုန်း (၅)ရာခိုင်နှုန်းကို ဖြတ်ရမည်ဖြစ်သော်လည်း လုံးပေါင်းကောက်ခံနေမှုအပေါ်ကို ဖြေရှင်းပေးစေ လိုကြောင်းတင်ပြပါသည်။

လသစ္စာပန်းခါးကုမ္ပဏီမှ တင်ပြရာတွင် ခေါပရာကျေးရွာ တွင် ကျေးလက်ကျန်းမာရေး အဆောက်အအုံ ဆောက် လုပ်နေပြီး လမ်းပန်းဆက်သွယ်ရေး လွန်စွာခက်ခဲသော် လည်း သတ်မှတ် ရက်အပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တင်ပြပါသည်။

ရယ်သီဟကုမ္ပဏီမှ တင်ပြရာတွင် တည်ဆောက်ရေး လုပ်ငန်းများစတင်ချိန်နောက်ကျ၍ သတ်မှတ် ဘတ်ဂျက် နှစ်အတွင်း အပြီးဆောက်လုပ်ရန် ခက်ခဲ၍ ငွေထုတ်ခွင့် များတင်ပြရာတွင် ခက်ခဲနိုင်ကြောင်း၊ ကုမ္ပဏီများအတွက် သတ်မှတ်ဘတ်ဂျက်နှစ်အတွင်း ငွေထုတ်ခွင့် အဆင်ပြေ အောင် ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြပါသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူ များက ကဏ္ဍအလိုက် ရှင်းလင်းဖြေကြားခဲ့ပြီး တင်ပြ ချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်မှ သုံးသပ်နိဂုံးချုပ် အမှာစကားပြောပြားခဲ့ပြီး (၁၃၄၅) နာရီအချိန်တွင် တွေ့ဆုံပွဲ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။